နေပြည်တော် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီနှင့် မူဆယ်မြို့နယ်တို့တွင် တရားမဝင် တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ၊ အခြားဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၊ ပန်စုံကျေးရွာအနီး၊ မန္တလေး-မူဆယ် သွားကားလမ်းတွင် မူဆယ်မှ မန္တလေးသို့ တင်အောင်လှ မောင်းနှင်ပြီး လှငွေ လိုက်ပါလာသည့် TOYOTA HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်အက်စီတိတ် ၂ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မွန်းတည့် ၁၂ နာရီတွင် လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ မီးပွိုင့်လမ်းဆုံတွင် ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင် တာဝန်ခံသယ်ဆောင်သူ အားဖျင်နှင့် အားဆန်တို့ ၂ ဦးအား WISH မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ မွန်းလွဲ ၂ နာရီတွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ စက်မှုနယ်မြေရှိ အုတ်စက်ရုံဂိုဒေါင်အား ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ဂိုဒေါင်တာဝန်ခံ ဟန်မင်းအောင်(ခ)ထက်ကြီးနှင့် မခိုင်စုနွယ်(ခ) ခိုင်စုတို့အား တရားမဝင် သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်အက်စီတိတ် ၁ ဒသမ ၂၅ တန်၊ အခြားဓာတုပစ္စည်းများဖြစ်သည့် ပိုတက်စီယမ်ဆာလဖိတ် ၂ ဒသမ ၄ တန်၊ ဆိုဒီယမ် ကာဗွန်နိတ် ၆ ဒသမ ၇၅ တန်၊ ဆိုဒီယမ်ကလိုရိုက် ၃၈၀ ကီလို၊ ဓာတုပစ္စည်း အနံ့နှင့် ဓာတ်ငွေ့ကာမျက်နှာဖုံး ၁၈ ခုနှင့် တွဲလျက်အသုံးပြုသည့် လေစစ်ဇကာ ၁၀၅ ခု တို့အားလည်းကောင်း၊ ညနေ ၅ နာရီတွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်(၄)လမ်းရှိ ဂိုဒေါင်အား ဆက်လက်ရှာဖွေရာ ဂိုဒေါင်စောင့် သူရကျော်အား တရားမဝင် သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်အက်စီတိတ် ၁ ဒသမ ၅၅ တန်နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်အက်စီတိတ် ၅ ဒသမ ၃ တန်၊ အခြားဓာတုပစ္စည်းများဖြစ်သည့် ပိုတက်စီယမ်ဆာလဖိတ် ၂ ဒသမ ၄ တန်၊ ဆိုဒီယမ် ကာဗွန်နိတ် ၆ ဒသမ ၇၅ တန်၊ ဆိုဒီယမ်ကလိုရိုက် ကီလို ၃၈၀၊ ဓာတုပစ္စည်းအနံ့နှင့် ဓာတ်ငွေ့ကာမျက်နှာဖုံး ၁၈ ခု၊ လေစစ်ဇကာ ၁၀၅ ခုတို့ကို သိမ်းဆည်းရမိခဲ့၍ ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်