စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေး(မြောက်)၊ သမဝါယမအသင်းစု ချေးငွေလုပ်ငန်းဌာနတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့မှ ဇူလိုင်လ (၃)ရက်နေ့ထိ သင်တန်းကာလ (၇)ရက်ဖြင့် နေ့စဉ်နံနက် (၀၉:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီထိ သင်ကြားပို့ချလျက်ရှိရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါသင်တန်းကို အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည်ဆိုသည့် ဌာန၏ မျှော်မှန်းချက်များ၊ ရွှေဘိုခရိုင်ဒေသသည် ရေ၊ မြေ၊ သဘာဝအလျောက် ဗီတာမင်၊ သတ္တုဓါတ်နှင့် အာဟာရဓါတ်များ ပြည့်ဝစွာပါရှိသည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံများစွာ ပေါများစွာထွက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များကို တန်ဖိုးမြှင့် (Value Added) ထုတ်ကုန်များအဖြစ် ထုတ်လုပ်လာနိုင်စေရန်၊ ထုတ်ကုန်ပစ္စည်း အမယ်သစ်များ ပေါ်ပေါက်လာစေရန်၊ မိသားစု တစ်ပိုင်တစ်နိုင်ဝင်ငွေ တိုးပွားလာခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်ခြင်းတို့ကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ကြောင်း သိရှိရပါသည်။
၎င်းသင်တန်းတွင် ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြများအဖြစ် ရွှေဘိုခရိုင်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးရဲထက်မောင်(ဦးစီးမှူး)နှင့် ဒေါ်နေခြည်ဦး (ဦးစီးမှူး)တို့မှ ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံတို့ဖြင့်ပြုလုပ်သော နို့စိမ်းဘတ်တာကိတ်၊ Cup Cake, Chiffon Cake ၊ ပလိန်းကိတ်၊ အိကလဲ၊ ကြက်ဥ သီးစုံကိတ်၊ Soft Brand, Swiss Roll ၊ ဘလူးဘယ်ရီ ယိုပေါင်မုန့်၊ လမုန့်၊ ပူတင်းယိုကွတ်ကီး၊ နံကထိုင် ကြက်ဥတစ်လုံးကိတ်၊ လျှာပေါ်ဝဲ၊ Butter Cake ပြုလုပ် ခြင်း၊ Marble Cake, Donut စသည့် ကိတ်မုန့်အမျိုးမျိုးနှင့် မုန့်အမျိုးမျိုး ပြုလုပ်ခြင်းများကို စာတွေ့လက်တွေ့ သင်ကြားပြီး သင်တန်းဆင်း လက်မှတ်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါသင်တန်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Mission များ၊ ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်း အမှတ်အသားအကြောင်းများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ကုန်ပစ္စည်းဝယ်ယူရာတွင် မိမိဝယ်ယူသည့် ကုန်ပစ္စည်း၏ ပြေစာကို သိမ်းဆည်းထားရန်လိုကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွား နစ်နာဆုံးရှုံးမှုဖြစ်ပါက ထိုပြေစာနှင့်အတူ အရေးဆို တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်သော သတင်းအချက်အလက်များအား သိရှိစုံစမ်းလိုလျှင် www.doca.gov.mm. website နှင့် DOCA Myanmar Mobile Application တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page တွင်လည်း ကြည့်ရှုနိုင်ကြောင်း၊ Consumer Call Center များသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွား နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်ကြောင်းများကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ပြီး သင်တန်းသား/သူ (၃၀)ဦးအား ဌာန၏ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
သင်တန်းဖွင့်လှစ်ရခြင်းအားဖြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကာလတိုသင်တန်းဖြစ်၍ သင်တန်းတက်ရောက်ပြီးပါက မိသားစုတစ်ပိုင်တစ်နိုင်ဖြစ်စေ၊ အသင်းအဖွဲ့အစည်း၊ အစုအဖွဲ့ဖြင့်ဖြစ်စေ၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်သည့်အပြင် လုပ်ငန်းမှတ်ပုံတင်ပြီး လုပ်ငန်းရှင်တစ်ဦး ဖြစ်လာသည့်အထိ လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ စားသုံးသူပြည်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အကြောင်းအရာများကို သိရှိနားလည်ပြီး မိမိတို့၏ လိုက်နာရမည့် တာဝန်နှင့် အခွင့်အရေးများကို တောင်းဆိုနိုင်မည့် အကျိုးရလဒ်များ ရရှိနိုင်မည် ဖြစ်ပါသည်။
DOCA(စစ်ကိုင်း)