စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ရွှေလံဗိုလ်ငရုတ်သီး (ဒေသအခေါ်) စိုက်ပျိုးခြင်းကို မိသားစုတနိုင်တပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။
ရွှေလံဗိုလ် ငရုတ်စိုက်ခင်းစိုက်ပျိုးသူတောင်သူဦးကျော်သန်းမှ ငရုတ်သီးများကို တစ်ပတ်လျှင် နှစ်ကြိမ်ကျဆွတ်ခူးရောင်းချရပါကြောင်း၊ ထိုသို့ဆွတ်ခူးရောင်းချရာ ယခင်နှစ်များက တစ်ကီလိုလျှင် (၆၀၀၀)ကျပ်ရရှိပြီး ယခုကာလတွင် တစ်ကီလိုလျှင် (၃၀၀၀)ကျပ်ခန့်သာ ပေါက်စျေးများ ရရှိပါ ကြောင်း ပြောကြားခဲ့ပါသည်။
ယခုနှစ် ဧပြီလနှင့် မေလပိုင်းတွင် တစ်ကီလိုကို(၆၀၀၀)ကျပ်မှ (၆၅၀၀)ကျပ်ထိ ပေါက်ဈေးများဖြင့် ရောင်းချရပါကြောင်း၊ ဇွန်လတွင် ထက်ဝက်ခန့်ဈေးနှုန်းကျဆင်းသွားကာ တစ်ကီလိုလျှင် (၃၀၀၀) ကျပ်ခန့်သာ ပေါက်ဈေးနှုန်းများဖြင့် ရောင်းချရပါကြောင်း ငရုတ်စိုက်ပျိုးတောင်သူ ဦးကျော်သန်းက ပြောပါသည်။
ရွှေလံဗိုလ်ငရုတ်သီးများကို အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့သို့ အဓိကတင်ပို့ရောင်းချနေရပြီး ဒေသအတွင်း စားသုံးသူများမှလည်း အခြားငရုတ်မျိုးများထက် ရွှေလှံဗိုလ်ငရုတ်ကို လူကြိုက်များသဖြင့် ရွှေလံဗိုလ်ငရုတ်များကို ပိုမိုစိုက်ပျိုးလာကြပြီး စျေးနှုန်းပိုမိုရရှိသည့်အတွက် စိုက်ပျိုးရေး တောင်သူများအနေဖြင့် အကျိုးအမြတ် ပိုမိုရရှိကာ မိသားစုအပိုဝင်ငွေရရှိသည့်အတွက် တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးကြသည်ဖြစ်ပါကြောင်း တောင်သူဦးကျော်သန်းထံမှ မေးမြန်းသိရှိရပါသည်။
DOCA (စစ်ကိုင်း )