နေပြည်တော် ဇူလိုင် ၁၄
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ လက်ဝဲဒက် မိသားစုဘော်ဒါဆောင်၌ နေထိုင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာ တက်ရောက်သင်ကြားလျက်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘူးသီးတောင်တပ်နယ်နှင့် ဝါးခုတ်ချောင်းတပ်နယ်တို့မှ မိသားစုဝင် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံပေးအပ်ခြင်းကို ဇူလိုင် ၁၃ ရက်တွင် အဆိုပါ မိသားစုဘော်ဒါဆောင်၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဘူးသီးတောင်တပ်နယ်နှင့် ဝါးခုတ်ချောင်းတပ်နယ်တို့မှ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း သားကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များကို ပေးအပ်ရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ဘော်ဒါဆောင်ဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်