နေပြည်တော် ဇူလိုင် ၁၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ဇူလိုင် ၁၃ရက်နှင့် ၁၄ရက်တို့တွင် လွိုင်ကော်အကျဉ်းထောင်နှင့် လွိုင်ကော်မြို့မရဲစခန်း အချုပ်ခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေလုပ်ထုံးလုပ်နည်း ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသားအကျဉ်းသူ၊ အချုပ်သားအချုပ်သူများကို အဆောင်လိုက် တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သောနေထိုင် စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ/မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ/မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ/မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ/မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ပြီး ယခင်က ကြည့်ရှုစစ်ဆေးစဉ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
အကျဉ်းထောင်နှင့် အချုပ်ခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးရာတွင် အကျဉ်းသားအကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ သောက်ရေ၊ သုံးရေကန်များ မိလ္လာများ သန့်ရှင်းမှု ရှိ/မရှိကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ အဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များနှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့အကြံပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်