Skip to main content

Mr. Peter Vowles ၏ တွစ်တာစာမျက်နှာ၌ ရေးသားချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်းတုံ့ပြန်

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ Mr. Peter Vowles သည် မြန်မာနိုင်ငံမှ ထွက်ခွာရသည့် အကြောင်းရင်းကို ၁၃-၇-၂၀၂၂ ရက်က ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြထားမှုသည် မှန်ကန်မှုမရှိသည့်အပြင် ဖြစ်ရပ်မှန်နှင့် ကွဲလွဲလျက်ရှိနေကြောင်း တွေ့ရှိရသည်။

ဗြိတိန်အစိုးရက Mr. Peter Vowles အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗြိတိန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ၂၉-၄-၂၀၂၁ ရက်တွင် အဆိုပြုသဖြင့် မြန်မာအစိုးရက ၂၂-၆-၂၀၂၁ ရက်တွင် သဘောတူညီကြောင်း ပြန်ကြားခဲ့သည်။ Mr. Peter Vowles သည် ၂၉-၇-၂၀၂၁ ရက်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီးနောက် သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ (Ambassador-Designate) တစ်ဦးအနေဖြင့်  သံတမန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ၎င်း၏ခန့်အပ်လွှာမိတ္တူကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့လည်းကောင်း၊ ခန့်အပ်လွှာကို နိုင်ငံတော်အကြီးအကဲထံသို့လည်းကောင်း ပေးအပ်ရန်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ပေးအပ်ရန် ရှောင်လွှဲခဲ့သည်။ သို့ပါ၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံဘက်သို့ Mr. Peter Vowles ၏ ပြည်ဝင်ဗီဇာကို ကန့်သတ်ခဲ့သည်။ ယင်းအခြေအနေတွင် ဗြိတိန်နိုင်ငံဘက်က Mr. Peter Vowles အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် အဆိုပြုထားမှုကို ရုပ်သိမ်းကြောင်းနှင့် ရန်ကုန်မြို့၊ ဗြိတိန်သံရုံး၊ သံရုံးယာယီတာဝန်ခံအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ပြောင်းလဲအဆိုပြုခဲ့ရာ ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့်အတွက် သံရုံးယာယီတာဝန်ခံ ခန့်အပ်မည်ဆိုပါက ၎င်းအစား အခြားပုဂ္ဂိုလ်တစ်ဦးအား ပြန်လည်အဆိုပြုရန်ဖြစ်ကြောင်း မြန်မာဘက်က အကြောင်းကြားခဲ့သည်။ ယင်းနောက် Mr. Peter Vowles က  ၎င်း၏ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းရန်အတွက် ၂၁-၆-၂၀၂၂ ရက်မှ ၁၅-၇-၂၀၂၂ ရက်အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်လိုကြောင်း ဗြိတိန်ဘက်မှ မေတ္တာရပ်ခံခဲ့မှုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့သည့်အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ ယခု Mr. Peter Vowles မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ခြင်းမှာ ၎င်း၏ပြည်ဝင် ဗီဇာသက်တမ်း မကုန်ဆုံးမီ ထွက်ခွာသွားခြင်းသာဖြစ်သည်။

ယခုကိစ္စတွင် Mr. Peter Vowles အနေဖြင့် ခန့်အပ်လွှာပေးအပ်ခြင်းမပြုဘဲ မြန်မာနိုင်ငံ၌ သံအမတ်ကြီးအဖြစ် လာရောက်နေထိုင်လိုခြင်းဖြစ်ပြီး ဗြိတိန်ဘက်က သံတမန်ကျင့်ထုံး၊ ကျင့်ဝတ်တို့နှင့်အညီ ဆောင်ရွက်မှု မပြုခဲ့ခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံအနေဖြင့် သံတမန်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းကြောင့် Mr. Peter Vowles သည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်