ရန်ကုန် ဇူလိုင် ၁၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Digital Payment Switch System ၏ MMQR Standardiza-tion နှင့်သက်ဆိုင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ Learning & Training Center၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများ၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ၊ မိုဘိုင်းငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ PayPlus Co.,Ltd. တို့မှ အကြီးတန်းစီမံခန့်ခွဲသူများ တက်ရောက်ကြပြီး နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများအားလုံးမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက အမျိုးသားငွေပေးချေမှု စနစ်မဟာဗျူဟာ(National Payment System Strategy 2020-2025) အရ ချမှတ်ထားသော ငွေပေးချေမှုဆိုင်ရာမူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်များအားလုံး အချင်းချင်းအပြန်အလှန်ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်မည့် Digital Payment Switch System ကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ပမာဏကြီးမားသော ငွေပေးချေမှုအတွက် CBM-NET System ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ပမာဏနည်းသောငွေပေးချေမှု လျင်မြန်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် Digital Payment Switch System ကိုဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ Payment Landscape in Myanmar ၊ DigitalPayment Switch System QR Code Standardization၊ QR Code Generation နှင့်MMQR Standardization new version တို့ကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းကြသည်။ ယခင်က Brand တစ်ခုအတွင်း၌သာ အချင်းချင်းငွေပေးချေမှုပြုလုပ်နိုင်ရာမှ Digital Payment Switch System ကို ဆောင်ရွက်ပြီးစီးပါက ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအချင်းချင်း အပြန်အလှန်ချိတ်ဆက်၍ Brand တစ်ခုမှအခြား Brand တစ်ခုသို့ လွယ်ကူအဆင်ပြေစွာ ငွေပေးချေမှုပြုလုပ်နိုင်မည်ဖြစ်ပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖွံ့ဖြိုးကာ ငွေသားကိုင်တွယ်အသုံးပြုမှုကို လျော့ကျနိုင်သည့်အပြင် သုံးစွဲသူများအနေဖြင့်လည်း ဈေးသက်သာပြီးကောင်းမွန်သော ငွေရေးကြေးရေးဝန်ဆောင်မှုကို ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်