Skip to main content

နိုင်ငံအတွက် ခိုင်မာသည့်အင်စတီကျူးရှင်း

မြန်မာနိုင်ငံကို ရှေးမြန်မာဘုရင်များ အုပ်ချုပ်ခဲ့သည့် နှစ်ပေါင်းထောင်ချီကာလမှစ၍ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ဟူ၍ တစုတစည်းတည်း ခိုင်ခိုင်မာမာစုစည်းတည်ထောင်နိုင်ခဲ့သည်။ တစုတစည်းတည်း စည်းလုံးညီညွတ်ခဲ့သည့် နိုင်ငံတော်သည် နိုင်ငံ့လွတ်လပ်ရေး ရရှိလုနီးကာလ၊ ရရှိပြီးစကာလတွင် နယ်ချဲ့တို့၏ သွေးခွဲမှုအမျိုးမျိုးနှင့် နိုင်ငံရေးအရ၊ လူမျိုးရေးအရ သဘောကွဲလွဲမှုများကြောင့် လွတ်လပ်ရေးရသောအခါ လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးပြဿနာများဖြစ်ပေါ်လာခဲ့သည်။

လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသော လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေး ပြဿနာများမှာ ယနေ့ထက်တိုင် ဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံတွင် နိုင်ငံရေးအရ တည်ငြိမ်မှု၊ လုံခြုံရေးအရ စိတ်ချရမှုရှိမှသာ တိုင်းပြည်အေးချမ်းသာယာအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့သော် လွတ်လပ်ရေးရပြီးကာလမှ ယနေ့အချိန်အထိ နိုင်ငံရေးကဏ္ဍတွင်လည်းကောင်း၊ လုံခြုံရေးပိုင်းတွင်လည်းကောင်း လိုအပ်ချက်များရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံ၏သမိုင်းကြောင်း၊ ပထဝီအနေအထား၊ ပကတိဖြစ်တည်နေမှုများအရ တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေရသည်။ နိုင်ငံရေးအရ တည်ငြိမ်မှု၊ လုံခြုံရေးအရ အေးချမ်းမှုရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက စည်းလုံးညီညွတ်မှု အားကောင်းခဲ့သော်လည်း လွတ်လပ်ရေးရရှိပြီးသောအခါ အကြောင်းအမျိုးမျိုးကြောင့် စည်းလုံးညီညွတ်မှု လျော့နည်းကျဆင်းသွားသည်ဟု ဆိုရမည်ဖြစ်သည်။ စည်းလုံးညီညွတ်မှု လျော့နည်းသွားသောအခါ နိုင်ငံရေးအရ တည်ငြိမ်မှု၊ လုံခြုံရေးအရ အေးချမ်းမှုများ ယနေ့ကာလအထိ လိုအပ်လျက်ရှိသည်။ တည်ငြိမ်အေးချမ်းမှုများရှိရန်အတွက် “မိမိတို့နိုင်ငံတွင် ခိုင်မာသည့် အင်စတီကျူးရှင်း လိုအပ်ကြောင်း၊ ထိုအင်စတီကျူးရှင်းမှာ တပ်မတော်သာဖြစ်ပြီး နိုင်ငံတော်၏ Guardian အနေဖြင့် နိုင်ငံတော်ကို ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၄ ရက်တွင် ပုသိမ်တပ်နယ်၌ ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေးဖော်ဆောင်ပေးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ဖော်ဆောင် ပေးခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်သောအခါ နိုင်ငံရေးတွင် လူတိုင်းပါဝင်ခွင့်ရလာကြသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် နိုင်ငံရေးကို သိရှိနားလည်ကြသူများရှိသလို သိရှိနားလည်မှု အားနည်းသူများ၊ မသိရှိနားမလည် သူများလည်းရှိသည်။ နိုင်ငံရေးအပေါ် သိရှိနားလည်မှု အားနည်းသူများ၊ နားမလည်သူများကို သွေးထိုးဆောင်ရွက်မှု၊ အသုံးချမှုများရှိလာသည်။ နောက်ဆုံးတွင် တိုင်းပြည်အလုံးစုံ ပျက်သုဉ်းရေးအထိ ကြိုးပမ်းအားထုတ်မှုများရှိလာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ တိုင်းပြည်ပြိုကွဲပျက်စီးလျှင် ကြုံတွေ့ကြရသည့် နိုင်ငံများ၏ အခြေအနေများကို သင်ခန်းစာယူနိုင်ပေသည်။

မျက်မှောက်ကာလတွင် ဒီမိုကရေစီကို မျက်နှာဖုံးစွပ်ပြီး တိုင်းပြည်ပြိုကွဲ ပျက်စီးအောင် ဖန်တီးဖော်ဆောင်မှုများရှိလာခဲ့သည်။ အချို့နိုင်ငံများက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုများ၊ နိုင်ငံရေး အမြတ်ထုတ်လိုသူများ၏ မြှောက်ပင့်သွေးထိုးမှုများကြောင့် နိုင်ငံရေးအရ တည်ငြိမ်မှု၊ လုံခြုံရေးအရ အေးချမ်းမှုများ ပျက်ပြားလာသည်ကို တွေ့ရမည်ဖြစ်သည်။ ယနေ့ကာလတွင် အသိဉာဏ်ရေချိန်နည်းသော ပြည်သူများအား သွေးထိုးမြှောက်ပင့်ပေးပြီး အကြမ်းဖက်ရက်စက်မှုများကို ကမ်းကုန်အောင် ပြုလုပ်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဘာသာတရားအရ၊ ယဉ်ကျေးမှုအရ ယဉ်ကျေးသိမ်မွေ့သောနိုင်ငံကို ရက်စက်ကြမ်းကြုတ်သော နိုင်ငံအဖြစ် ဖန်တီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးတည်ငြိမ်အေးချမ်းမှုရှိအောင် တပ်မတော်က ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို တပ်မတော်က ဦးဆွေးဆံမြည့် ကျေပွန်အောင် ထမ်းဆောင်ပေးလျက်ရှိသည်။ တိုင်းပြည်၏ နိုင်ငံရေးပုံမှန်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အမျိုးသားရေး မျှော်မှန်းချက်များနှင့် နိုင်ငံရေးမျှော်မှန်းချက်များကို ချမှတ်ဆောင်ရွက်ကာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။        ။