Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၆

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးခင်ရီနှင့် ဒေါက်တာမျိုးသိန်းကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်၊ ဦးဇော်ဝင်းနှင့် ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန့်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကား ပြောကြားရာတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်မှ စတင်ကျင်းပခဲ့ရာ သုံးကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ဧပြီ ၂၁ မှစ၍ ထုတ်ပေးထားပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ် ဒေတာများပြုစုရေး၊ ဒေတာအတွင်း ထည့်သွင်းရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်းအင်အား ၃၆၀၀ ကျော်၊ ကွန်ပျူတာအလုံးရေ ၃၀၀၀ ကျော်ဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဝိုင်းဝန်းပူးပေါင်း လိုက်နာ ဆောင်ရွက်ခဲ့ကြသည့်အတွက် ဇွန်လ ၂၁ ရက်တွင် လက်ရေးမူဖြင့် ထုတ်ပေးထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ် ၅၁ သန်းကျော်စာရင်းကို ကွန်ပျူတာဒေတာအတွင်း ၂ လအတွင်း ထည့်သွင်းနိုင်ခဲ့ကြောင်း။

ဒုတိယအဆင့် အနေဖြင့် ပုံစံ ၆၆ / ၆ ပါ အချက်အလက်များအား ပုံစံ(၄) ရှိ စာရင်းများနှင့်တိုက်ဆိုင် စစ်ဆေးရမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့် လုပ်ငန်းပြီးစီးမှသာ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အပြန်အလှန် စစ်ဆေးခြင်းဆောင်ရွက်ရန် ရပ်ကွက်၊ ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းများ လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ အဆိုပါ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိစစ်ခြင်းပြီးစီးမှသာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဖွဲ့စည်းပေးထားသည့် National Data Base တွင် စာရင်းဇယားများ မှန်ကန်လုံခြုံစွာ ရောက်ရှိမည် ဖြစ်ကြောင်း၊ National Data Base Main Server တွင်ရှိနေသည့် အချက်အလက်များကို အသုံးပြု၍ သက်ဆိုင်ရာ ဌာနများအနေဖြင့် လိုအပ်သည့် အချက်အလက်စိစစ်ခြင်း လုပ်ငန်းများလျင်မြန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆင့်(၂)နှင့် အဆင့် (၃)ပါ လုပ်ငန်းစဉ်များကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျ ဆက်လက် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သို့မှသာ လွတ်လပ်ပြီး မျှတသည့်ရွေးကောက်ပွဲ၊ မှန်ကန်သည့် ရွေးကောက်ပွဲ၊ စာရင်းအတိအကျ ရှိသော ရွေးကောက်ပွဲ ဖြစ်လာမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံသူ နိုင်ငံသားများနှင့် ဌာနဆိုင်ရာများအတွက် အကျိုးရှိစေမည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက မဲစာရင်းများ မှန်ကန်စေရေး တိုက်ဆိုင် စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လူဦးရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မဲစာရင်း မှန်ကန်စွာရရှိရေး ပူးပေါင်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရင်းအချက်အလက် ကောက်ယူခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။