နေပြည်တော် ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံ ဝန်ထမ်းများအား လစာပေးရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂၆၀၀ အား PDF အမည်ခံအကြမ်းဖက် သမားများက ဓားပြတိုက် လုယက် ယူဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၅ ရက် နံနက်ပိုင်း၌ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းချုံကျေးရွာ၌ ဖွင့်လှစ်လုပ်ကိုင်လျက် ရှိသည့် Myanmar Effort အထည်ချုပ်စက်ရုံ ကုမ္ပဏီပိုင်ရှင်ဖြစ်သူ အဆိုပါ ကျေးရွာနေ ဦးဖြိုးမင်းကျော် (၃၁)နှစ် (ဘ)ဦးဆန်းထွန်းသည် စက်ရုံမှ ဝန်ထမ်းများအား လစာပေးနိုင်ရေး အတွက် ပခုက္ကူမြို့၊ ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း ၂၆၀၀ အား ၎င်းစီးနင်းသည့် MGY 9G------ Hundi မော်တော်ယာဉ်ဖြင့် တစ်ဦးတည်း သွားရောက် ထုတ်ယူပြီး ကျေးရွာသို့ ပြန်လာစဉ် နံနက် ၁၁ နာရီခွဲအချိန် ပန်းတိုင်းချုံးကျေးရွာအနီးအရောက်၌ လမ်းဘေး ရပ်တန့်ထားသည့် Nisan Tarano အမျိုးအစား အဖြူရောင်ယာဉ်ပေါ်မှ PDF အမည်ခံအကြမ်းဖက် သမား ၆ ဦးခန့်မှ လက်နက်များ ကိုယ်စီ ကိုင်ဆောင်ကာ ဆင်းလာပြီး ဦးဖြိုးမင်းကျော်၏ မော်တော်ယာဉ်အား တားဆီးကာ အဆိုပါ မော်တော်ယာဉ်နှင့် ယာဉ်ပေါ်တင်ဆောင် လာသည့် ဝန်ထမ်းများ လစာပေးချေရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂၆၀၀၊ လက်ကိုင်ဖုန်း ၃ လုံးတို့အား ဓားပြတိုက်လုယက် ယူဆောင်ကာ ရေစကြိုမြို့နယ်၊ ဆင်ကျို့ကျေးရွာဘက်သို့ မောင်းနှင် ထွက်သွားခဲ့ပါသည်။
ထိုကဲ့သို့ Myanmar Effort အထည်ချုပ် စက်ရုံပိုင်ငွေနှင့် မော်တော်ယာဉ်တို့အား ဓားပြတိုက်လုယက် ယူဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။