Skip to main content

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူများ ထိုင်းနိုင်ငံ လေ့လာရေးခရီးသွားရောက်

နေပြည်တော် ဇူလိုင် ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ သိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၃၃) ဦးသည် ကြီးကြပ်သူ ဆရာ၊ ဆရာမများ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြရာ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅ မိနစ်တွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြကာ မော်တော်ယဉ်များဖြင့် မြဘုရားသို့ သွားရောက် ဖူးမြော်ကြသည်။

ထိုမှတစ်ဆင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကာ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများ လေ့လာရေးအဖွဲ့ကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ ယင်းနောက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအဖွဲ့သည် Siam Paragon ရှိ Siam Ocean World သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။

ဆက်လက်၍ Madame Tussauds Museum သို့ သွားရောက် လေ့လာကာ အဆိုပါ ပြတိုက်၌ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ ယင်းနောက် Holiday Inn Hotel သို့ရောက်ရှိ ခေတ္တအနားယူကြပြီး Asiatique သို့ သွားရောက် လည်ပတ်ကြရာ Chao Phraya River Cruise စီး၍ မြစ်ကြောင်းတစ်လျှောက် လှည့်လည် ကြည့်ရှုကြသည်။

ထူးချွန်ကျောင်းသား၊ ကျောင်းသူများ လေ့လာရေးအဖွဲ့သည် ဇူလိုင် ၅ ရက်တွင် ထိုင်းနိုင်ငံရှိ ASSUMPTION University သို့ သွားရောက်လေ့လာကာ၊ ပတ္တရားကမ်းခြေသို့ ဆက်လက်သွားရောက်ပြီး ပတ္တရားကမ်းခြေတွင် အပန်းဖြေကြသည်။ ဆက်လက်၍ ပတ္တယား ရေပေါ်ဈေးနှင့် တောင်ပေါ် ဘုရားများသို့ သွားရောက် လေ့လာခဲ့ကြသည်။ ယင်းနောက် ဘန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာ၍ Baiyoke Tower ပေါ်တွင် ဘန်ကောက်မြို့၏ ညရှုခင်းကို ကြည့်ရှုကြသည်။

၂၀၂၂ ခုနှစ် တက္တသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲ အသီးသီးတွင် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေး ဝန်ကြီးဌာနက ပြည်ပနိုင်ငံ အတွေ့အကြုံကောင်းများ ရရှိရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန် ထက်မြက်စေရေးအတွက် စီစဉ် ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်