Skip to main content

အညာဒေသထုတ်ကုန် ပုန်းရည်ကြီးလုပ်ငန်းအကြောင်း

ပုဂံညောင်ဦးဒေသ၏ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သည့် ပုန်းရည်ကြီးသည် မိရိုးဖလာ အစဉ်အဆက် လက်ဆင့်ကမ်းလာသည့် အညာကယဉ်ကျေးမှု ပြယုဂ်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသားတို့၏ မရှိမဖြစ်လက်စွဲ ဓာတ်စာဟုပင်တင်စားခေါ်ဝေါ်နိုင်သည်။ ဘုရားဖူးလာဧည့်သည်များအတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားသော ပုန်းရည်ကြီးထုပ်ကလေးများသည် လက်ဆောင်ပေးသူများအတွက်လည်း မျက်နှာပန်းလှပြီး လက်ဆောင်ရရှိသူများ အဖို့မှာလည်း အာနိသင်ပြည့်ဝသည့် ပုန်းရည်ထုပ်ကလေးများကြောင့် ပျော်တပြုံးပြုံးမော်မဆုံး ရှိတတ်ကြပါသည်။ အသင့်သုံးစားသောက်ကုန် တစ်ခုဖြစ်သည့် ပုန်းရည်ကြီးသည် အလွန်အရသာရှိပြီး  အကျိုးအာနိသင်ပြည့်ဝသည့် ဒေသထွက်ကုန်တစ်ခုဖြစ်ပြီး ပုဂံညောင်ဦးဒေသ၏ ဂုဏ်ယူဖွယ်ရာ ထုတ်ကုန်တစ်ခု ဖြစ်ပါသည်။

ပုန်းရည်ကြီးကို ပဲအမျိုးမျိုးမှ ထုတ်လုပ်ချက်ယူနိုင်သော်လည်း ပဲပိစပ်ဖြင့်ကျိုချက်ထုတ်လုပ်ပါက  အကောင်းဆုံးပုန်းရည်ကြီးကိုရရှိပါသည်။ ပထမဦးစွာပဲကို ရေစင်အောင်ဆေးပြီး (၁၀) ပိဿာဆံသည့် အိုးတစ်လုံးထဲတွင် ပဲတစ်ပြည်ခွဲကို ရေအပြည့်ဖြင့်နူးလာသည့်အထိပြုတ်ရပြီး သစ်ခေါက်ရောင်ပေါက်လာသောအခါ ပဲကိုဆယ်ယူ၍ ပဲရည်များကိုအိုးများထဲတွင်ထည့်ကာ (၅) ရက်မှ (၇)ရက်ခန့်အထိ အချဉ်ဖောက်ရပါသည်။ အချဉ်ဖောက်ပြီးသော ပဲရည်များကို ထပ်မံကျိုချက်ရသည်။ ကျိုသည့်အခါတွင်လည်း ယောင်းမဖြင့် အဆက်မပြတ်ပျစ်လာသည့်အထိ နာနာမွှေကာ အပျစ်အကျဲကိုခန့်မှန်းပြီးနောက် အိုးကိုမီးဖိုပေါ်မှချကာ အခြားအိုးများထဲသို့ လောင်းထည့်၍ အအေးခံရပါသည်။ ထိုသို့အအေးခံပြီးလျှင် လူတိုင်းအကြိုက်ပုန်းရည်ကြီးကို ရရှိပြီးဖြစ်ပါသည်။

ယခုအခါပုဂံဒေသတွင် ပုန်းရည်ကြီးလုပ်ငန်းရှင်(၁၅)ဦးသည် မြင်းပျံ၊ မြင်းနက်၊ ဇီးကွက်၊ ရွှေဥဩ၊ မဏိစန္ဒာစသည့် ကုန်အမှတ်တံဆိပ်အမျိုးမျိုးဖြင့် စေတနာအဓိကထားကာ ထုတ်လုပ် ရောင်းချလျှက်ရှိပါသည်။ ပဲတစ်တင်းကျိုလျှင် ပုန်းရည်ကြီး (၃)ပိဿာမှ(၅)ပိဿာခန့်အထိရရှိပြီး ဈေးကွက်တွင် နာမည်ရရှိပြီး လုပ်ငန်းရှင်တစ်ဦးသည် တစ်ရက်လျှင်ပျှမ်းမျှ (၁၅၀)ပိဿာခန့် နေ့စဉ်ထုတ်လုပ်ရောင်းချလျှက်ရှိသည်။ ကုန်အမှတ်တံဆိပ်ပေါ်မူတည်၍ အထုက်သေး(၁၀) ထုပ် ပါတစ်ပါကင်လျှင် ဈေးနှုန်းအနေဖြင့် (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိ ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချလျက်ရှိပါသည်။

ပုန်းရည်ကြီးလုပ်ငန်းရှင်များသည် ကိုယ်ပိုင်အရင်းအနှီးဖြင့် ထုတ်လုပ်ရောင်းချခြင်းဖြစ်ပြီး FDA၊ DOCA ဌာနတို့၏ လမ်းညွှန်ချက်များဖြင့် ဘွိုင်လာစနစ်ကိုအသုံးပြု၍ စနစ်တကျ ထုပ်ပိုးရောင်းချသူများရှိသကဲ့သို့ မိရိုးဖလာလုပ်ငန်းစဉ်အတိုင်း ထုပ်လုပ်ရောင်းချသူများလည်းရှိသည်ကို တွေ့မြင်ရပါသည်။ မြန်မာရိုးရာအစားအစာပုန်းရည်ကြီးကို ပြည်တွင်းကုန်သွယ်မှုမှတဆင့် ပြည်ပကုန်သွယ်မှုအထိ ထိုးဖောက်အရောက်လှမ်းနိုင်ဖို့အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်များအား အဆင့်မြှင့်တင်နိုင်ရန် လုပ်ငန်းရှင်များတွင် နည်းပညာနှင့်ငွေကြေးအရင်းအနှီးများ လိုအပ်လျှက်ရှိပါသည်။

ပုန်းရည်ကြီးတွင်ပရိုတင်းဓာတ်၊ ကယ်လိုရီ၊ ဆိုဒီယမ်၊ သကြားဓာတ်၊ အမျှင်ဓာတ်၊ ကယ်ဆီယမ်ဓာတ်၊ ကာဗိုဟိုက်ဒရိုတ်၊ သံဓာတ်စသည့် ခန္ဓာကိုယ်ကျန်းမာစေသည့် ဓာတ်သတ္တိများပါဝင်ပါသည်။ ပုန်းရည်ကြီးသည်ဝမ်းကိုလျော့စေခြင်း၊ အစာကိုကြေစေခြင်း၊ အဆီကိုကျစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း၊ ဆီးချိုရောဂါကိုကာကွယ်ပေးပြီး ရောဂါဝေဒရှင်များ စားသုံးပါကသွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချိုရောဂါကို သက်သာစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။

ထိုသို့အကျိုးကျေးဇူးများသော ပုန်းရည်ကြီးလုပ်ငန်းကို နိုင်ငံတော်မှချမှတ်သော စံချိန်စံညွှန်းများနှင့်အညီ တဆင့်ထက်တဆင့် ကုန်ထုတ်လုပ်မှုကဏ္ဍ မြှင့်တင်လာသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်ပါသည်။ ခရီသွားလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်မည်ဆိုပါက ပြည်ပဝင်ငွေတိုးတက် အောင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းတစ်ခုဖြစ်သည်မှာ မလွဲမသွေဖြစ်ပါသည်။ ယခုကာလတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူး၊ မကွေး၊ နေပြည်တော်၊ ရေနံချောင်း၊ ပခုက္ကူ စသည့်မြို့များသို့ ပုံမှန်အတိုင်းဖြန့်ချီတင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)