နေပြည်တော်ကောင်စီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းလျက် ဇွန်လ ၂၀ ရက် နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ကောင်စီ၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ဦးမင်းနောင်က အဖွင့်အမှာစကားပြောကြားရာ၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပါဝင်နေသည့် ဌာနများမှ ဝန်ထမ်းများအနေဖြင့် ဆက်စပ်ဌာနများ၏ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို ပိုမိုကျေညက်စွာ သိရှိစေရန်နှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို ယခုထက်ပိုမိုပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသောအဟန့်အတားဖြစ်စေနိုင်သဖြင့် မှောင်ခိုလောက ကြီးမားလာလေ မှန်မှန်ကန်ကန်လုပ်ဆောင်နေသည့် တိုင်းရင်းသားလုပ်ငန်းရှင်များအတွက် ထိခိုက်လေဖြစ်ပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့အခွန်ဘဏ္ဍာများ ဆုံးရှုံးနေမည်ဖြစ်ပါကြောင်းနှင့် တရားမဝင်ကုန်သွယ်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနှင့် ထိထိရောက်ရောက် တားဆီးအရေးယူသွားရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် နယ်နမိတ်ထိစပ်နေပြီး ၎င်းနယ်စပ်လမ်းကြောင်းများမှ တရားမဝင် ကုန်စည်များဝင်/ ထွက်လျက်ရှိသဖြင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိအောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများရရှိနိုင်သည့်အပြင် ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံစိတ်ချရသည့် ကုန်စည်များကို အသုံးပြုနိုင်မှာဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင် တန်းမှပို့ချချက်များကို အလေးအနက်ထားသင်ယူပြီး လက်တွေ့နယ်ပယ်တွင်လည်း ထိထိရောက်ရောက် အသုံးချဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နေပြည်တော်တိုင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား (၁၆) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများနှင့် OSS များ၌ စစ်ဆေးမှုလုပ်ငန်းစဉ်များ၊ တားဆီးဖမ်းဆီးစစ်ဆေးခြင်း၊ တင်သွင်း/ တင်သွင်းခြင်းလုပ်ငန်းစဉ်များ၊ အကောက်အခွန်ဦးစီးဌာန၏ မူဝါဒ၊ ဖွဲ့စည်းပုံနှင့်တာဝန်များ၊ သစ်တောဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ တောရိုင်းတိရိစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုဘာသာရပ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဆိုင်ရာဘာသာရပ်များ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေဘာသာရပ်များ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ(၂၀)ရက်မှ (၂၂) ရက်နေ့ထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။
DOCA(နေပြည်တော်)