နေပြည်တော် ဇူလိုင် ၅
မြိတ်မြို့၊ ပြည်မြို့နှင့် ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၄ ရက်ည ၉ နာရီခွဲတွင် မြိတ်မြို့ကန်ကြီးရပ်ကွက် ကမ်းနားလမ်းတွင် မျိုးခိုင်(ခ)ဝတုတ်(ခ)တရုတ်နှင့် တင်ထွန်း(ခ)ဝတုတ်တို့ နှစ်ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆၀၀ ကို လည်းကောင်း။
အလားတူ ယင်းနေ့ညနေ ၅ နာရီ ၁၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်မြို့ ရွာဘဲရပ်ကွက် ရွှေတောင်ကြားလမ်းတွင် မစုပြည့်ထွန်း(ခ)စုပြည့် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၈၀၀၀ ကို လည်းကောင်း။
ထို့အတူ ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ် မိုင်းလပ်ကျေးရွာအုပ်စု နောင်ကန်ကျေးရွာအနီးတွင် အားဂျေကို ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်