နေပြည်တော် ဇူလိုင် ၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ မန္တလေးမြို့သို့ သွားရောက်မည့်ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော လျှပ်စစ်ထမင်းပေါင်းအိုးအလုံး ၂၀၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀)ကို လည်းကောင်း၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော Unsaturated Polyester Resin ၁၁၂၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆၈၅၀၀)ကိုလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆၈၅၀၀)ကိုသိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှပြင်ဦးလွင်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ စားသောက်ကုန် ပစ္စည်းများနှင့်အတူ ရောနှောသယ်ဆောင်လာသော တရားမဝင်ပိတောက်ခွဲသားနှင့်ကျွန်းခွဲသား သုညဒသမ ၁၄၆၆ တန်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၆၆၀၀)နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် Mitsubishi Canter အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၈၁၄၆၆၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇူလိုင် ၄ ရက်တွင် ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးဦးဆောင်သောစစ်ဆေးရေးအဖွဲ့က ဘုရားကြီးတိုးဂိတ်အနီး၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော အကောက်ခွန်နှင့်ကျသင့်ခွန်များ ပေးဆောင်ထားခြင်းမရှိသည့် ဗီယက်နမ်နိုင်ငံထုတ် Cable Wire(Aluminium) ကီလိုဂရမ် ၄၃၅၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၄၆၈၈၀၀၀) နှင့် ဆိုပါ Cable Wire များ သယ်ဆောင်လာသည့် နောက်တွဲယာဉ်ပါ Nissan UD ၂၂ ဘီးကုန်တင်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)နှင့် နောက်တွဲယာဉ်ပါ Howo Truck အမျိုးအစား ၂၂ ဘီး ကုန်တင်ယာဉ် တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရလည်းကောင်း၊ ဇူလိုင် ၅ ရက်တွင် တိုင်းဒေသကြီးသစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့ကပဲခူးခရိုင်၊ ပြည်ခရိုင်နှင့်သာယာဝတီခရိုင်တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၁၄ ဒသမ ၄၈၆၈ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၀၆၄၀၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၇၁၈၉၄၄၀၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်း တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်နှင့်စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၅၈၆၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော လျှပ်စစ်ထမင်းပေါင်းအိုးအလုံး ၂၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာအမှုတွဲ ၁၆ မှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၉၅၆၈၁၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်