Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(ယမန်နေ့မှအဆက်)

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ယခုရက်ပိုင်းအတွင်း နိုင်ငံရေးပါတီများအကြားတွင်ပြောနေသည်မှာ အသစ်ထွက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် နိုင်ငံရေးပါတီများအားလုံး ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ပြီး လူဦးရေတိုးမြှင့်ကန့်သတ်ချက်များပါနေသည်ဆိုသည့် သတင်းစကားများထွက်နေကြောင်း၊ ယင်းကိစ္စသည်အမှန်ဖြစ်၊ မဖြစ်သိလိုပါကြောင်း၊ ထို့ပြင် နိုင်ငံရေးပါတီများကို စစ်ဆေးသည့်အချိန်တွင် နိုင်ငံရေးပါတီရန်ပုံငွေများကို ဥပဒေနှင့်မညီဘဲ သုံးစွဲခြင်းမျိုးကို စိစစ် တွေ့ရှိခြင်း ရှိ/ မရှိ၊ NLDပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်တို့ကို အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုထားကြောင်း၊ အဂတိဖြင့်ရရှိသည့်ငွေကြေးများကို ပါတီအတွက် အသုံးပြု ထားခြင်းမျိုး စိစစ်တွေ့ရှိခြင်း ရှိ/ မရှိ၊ ယင်းကိစ္စများအတွက် သီးခြားအရေးယူမှုများရှိလျှင် သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီးမေးသည့် မေးခွန်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အသစ်ပြဋ္ဌာန်းရန် ဆောင်ရွက်နေကြောင်း၊ အလားတူ သက်ဆိုင်ရာနည်းဥပဒေကိုလည်း ထုတ်ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်း၊ နိုင်ငံရေးပါတီများကို စစ်ဆေးတွေ့ရှိချက်အရ သော်လည်းကောင်း၊ နိုင်ငံ​ရေးပါတီများကို ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများဖြစ်လာရန် ရည်ရွယ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေကို ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်သည့်အခါ နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ရှိသင့်ရှိထိုက်သည့် လူအင်အားများ၊ ပါတီဝင်အင်အားများရှိရန်၊ ဤနေရာတွင် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုတွင် စည်းရုံးမည့်ပါတီ၊ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဆိုပြီး ကွဲပြားခြင်းရှိကြောင်း၊ ပါတီအမျိုးအစားအလိုက် ရှိသင့်သည့် စည်းရုံးသင့်သည့် အင်အားများ၊ ရှိသင့်သည့် ဘဏ္ဍာငွေကြေးများ၊ ၎င်းတို့၏ ပါတီရုံးခွဲများကိုလည်း ရှိသင့်ရှိထိုက်သည့် ပါတီရုံးခွဲများရှိရန်၊ ထို့ပြင် ပါတီများသည် ရွေးကောက်ပွဲတွင် သင့်တင့်ထိုက်သင့်သည့်= ယှဉ်ပြိုင်မှုများဖြင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်ကြောင်း၊ ထိုအချက်အလက်နှင့် ပြည့်စုံပြီး ခိုင်မာအားကောင်းသည့်ပါတီများ ဖြစ်လာရန်ရည်ရွယ်၍ လိုအပ်သည်များထည့်သွင်းပြီး ပြဋ္ဌာန်းနိုင်ရန် မိမိတို့ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ အတိအကျအသေးစိတ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေထွက်လာသည့်အချိန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ ပါတီများစစ်ဆေးရာတွင်  ငွေစာရင်းနှင့်ပတ်သက်ပြီး ပါတီ ၈၀ ကျော် စစ်ဆေးပြီးဖြစ်ကြောင်း၊ NLD ပါတီကို မစစ်ဆေးရသေးကြောင်း၊ စစ်ဆေးရန် ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ပါတီပိုင်ငွေများကို သုံးစွဲခြင်းသည် သက်ဆိုင်ရာပါတီများ၏ ဖွဲ့စည်းပုံစည်းမျဉ်းအရ၊ ၎င်းတို့ကော်မတီအရ၊ သုံးစွဲပိုင်ခွင့်အရ သုံးစွဲခြင်းမျိုးရှိကြောင်း၊ သို့သော်ထိုငွေများရရှိလာသည့် အကြောင်းရင်းကိုမူ ယင်းပါတီငွေကြေး အဝင်/အထွက်ကို မစစ်ဆေးရသည့်အတွက် မိမိတို့အနေဖြင့် ယခုအချိန်တွင် အတိအကျပြောဆိုနိုင်ခြင်းမရှိကြောင်း၊ စစ်ဆေးခဲ့ပြီးသည့်ပါတီများ အနေအထားမှာပါတီများ၏ ငွေစာရင်း၊ တချို့စာရင်းဇယားများကို စစ်ဆေးတွေ့ရှိရသည့် အားနည်းချက်များ၊ လိုအပ်ချက်များကို သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများလည်းပါသည့်အတွက် စနစ်တကျဖြစ်အောင် လိုအပ်သည်များကိုပြသပြီး စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် မှာကြားခဲ့ခြင်း၊ ပြုပြင်ပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း ဖြေကြားသည်။

မြန်မာသံတော်ဆင့်သတင်းဌာနမှ အယ်ဒီတာ ဦးကိုကိုကြီးက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ အာဏာရပါတီသည် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ဖွဲ့သော်လည်း ထိုအောင်နိုင်ရေးအဖွဲ့များသည် နိုင်ငံရေးအာဏာရှိသူများ ပါဝင်ပတ်သက်နေသည်ကို တွေ့ရကြောင်း၊ ယင်းအာဏာကိုအသုံးပြုပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးများကို ဝင်ရောက်စွက်ဖက်ပြီး မှတ်တမ်းဟောင်းများ၊ မဲစာရင်းအဟောင်းများကို သုသာန်များသို့ယူဆောင်ပြီး မီးရှို့ဖျက်ဆီးခြင်းများတွေ့ရကြောင်း၊ ယင်းကိစ္စများသည် ဥပဒေနှင့် ညီ/မညီ သိလိုပါကြောင်း၊ မီးရှို့ဖျက်ဆီးခဲ့သည့် ခရိုင်/မြို့နယ်များ၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးရေမည်မျှ အရေးယူထားသည်ကို သိလိုကြောင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များကို မြို့နယ်အလိုက် မည်မျှအရေးယူထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီးမေးသည့်အပိုင်းတွင် အပိုင်းနှစ်ပိုင်းရှိပါကြောင်း၊ တစ်ပိုင်းက မီးရှို့ဖျက်ဆီးသည့်အပိုင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများသည် လွှတ်တော်သက်တမ်းတစ်ခုအတွင်းတွင် ထိန်းသိမ်းရသည့် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများရှိကြောင်း၊ လွှတ်တော်သက်တမ်း ငါးနှစ်ပြည့်သည့်အခါ နောက်ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခြင်းသည် ပုံမှန်မီးရှို့ဖျက်ဆီး ခြင်းလုပ်ငန်းဖြစ်ကြောင်း၊ ယင်းသည် မီးရှို့၍ဖြစ်စေ၊ ဖျက်ဆီးပစ်ရမည့် အခွင့်အာဏာအရဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းမှာရုံးများတွင်ရှိသည့် မှတ်တမ်းများငါးနှစ်ရှိသည့်အတွက် နောက်ရွေးကောက်ပွဲလည်း ပြီးသွားသည့်အချိန်တွင် လုံခြုံရေးအဆင့်အတန်းလျှော့ချပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းသည် လုပ်ထုံးလုပ်နည်းအရ စနစ်တကျ မှတ်တမ်းတင်တင်ပြပြီး ခွင့်ပြုချက်ရယူ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။

နောက်တစ်ခုမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသည့်ကာလတွင် ကြိုတင်မဲလက်မှတ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်နှစ်ခုဖြစ်ခဲ့ကြောင်း၊ လပွတ္တာမြို့နယ် ညောင်လိမ်ကျေးရွာအုပ်စုတွင် တစ်ကြိမ်နှင့် မြစ်ကြီးနားမြို့နယ် ရမ်ပူရပ်ကွက်တို့တွင် တစ်ခုဖြစ်ခဲ့ကြောင်း၊ ကြိုတင်မဲလက်မှတ်များကို မီးရှို့ခြင်း၊ မဲလက်မှတ်များကို မြို့နယ်ရုံးမှယူပြီး ဆန္ဒမဲပြုသည့်နေရာတွင် တရားမဝင်အသုံးပြုကြောင်း၊ ပြီးမှပိုသည့်ဆန္ဒမဲလက်မှတ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းကိစ္စများကို ယခင်သတင်းစာရှင်းလင်းပွဲတွင် တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်ပြီးပါဝင်သည့် ဩဇာလွှမ်းမိုးပြီးခိုင်းစေသူများရော လက်တွေ့ပါဝင်ပတ်သက် ကျူးလွန်သူများကိုပါ ဥပဒေနှင့်အညီ ရဲစခန်းများတွင်တိုင်တန်းပြီး အမှုဖွင့်ထားခြင်းမျိုးလည်းရှိကြောင်း၊ သက်ဆိုင်ရာတရားရုံးများတွင် ဦးတိုက်လျှောက်ထားပြီး သက်ဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ အရေးယူထား သည့်အရေအတွက်ကို မိမိအစောပိုင်းက ရှင်းလင်းတင်ပြသည့်အထဲတွင်ပါဝင်ကြောင်း၊ သက်ဆိုင်သူများကို စာရင်းဇယားများအတိုင်း အရေးယူဆောင်ရွက်ထားကြောင်း ဖြေကြားသည်။

Myanmar Nation Voice သတင်းဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦး က UDP ကို မတရားအသင်းအဖြစ် ကြေညာခဲ့သည့်အချိန်က အင်မတန်မြန်ဆန်ခဲ့ကြောင်း၊ NLD ပါတီကို တရားမဝင်အသင်းအဖြစ် ကြေညာနိုင်ရန် ခိုင်လုံသည့်အထောက်အထား သက်သေများမရှိသေး ဘူးလား၊ ပါတီပိုင်ငွေများကို EC မထိုင်ဘဲလိုသလို သုံးစွဲနေခြင်းသည် အဂတိမြောက်ပါသလား၊ တိုင်ကြားမှုသို့မဟုတ် ကျော်ဇောမှုများဖြစ်လာလျှင် UEC က မည်သို့ ပါဝင်ဆောင်ရွက်ခွင့်၊ မည်ကဲ့သို့ ဆုံးဖြတ် ခွင့်များရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက UDP ပါတီကို အားလုံးသိသည့်အတိုင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ (က) ရပ်တည်ပိုင်ခွင့်မရှိသည့်ပုဒ်မအရ ၂၀၂၀ ပြည့်နှစ် ၁၀ လပိုင်းတွင် ဖျက်သိမ်းခဲ့ခြင်းရှိကြောင်း၊ သတင်းထောက်ကြီးက NLD ပါတီကို မတရားအသင်းအဖြစ်ကြေညာရန်ခိုင်လုံသည့် သက်သေရှိ/မရှိ မေးသည်ဟုနားလည်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယခင်ကဖြေခဲ့သကဲ့သို့ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီထဲက ၈၄ ပါတီကို စစ်ဆေးပြီးဖြစ်ကြောင်း၊ လက်ရှိတစ်ပါတီက စစ်ဆေးဆဲဖြစ်ကြောင်း၊ NLD ပါတီအပါအဝင် ခုနစ်ပါတီက စစ်ဆေးရန်ကျန်ရှိနေသေးကြောင်း၊ စစ်ဆေးနိုင်ရေးဆောင်ရွက်ဆဲလုပ်ငန်းများရှိကြောင်း၊ သက်ဆိုင်သည့်စာရင်းဇယားများ အားလုံးပါဝင်ကြောင်း၊ CEC ကအစ၊ ပါတီဝင်အင်အားစာရင်းကအစ၊ သက်ဆိုင်သည့်အချက်အလက် ၂၀ ခန့်ကိုစစ်ဆေးကြောင်း၊ ယင်းအချက်အလက်များကို ခိုင်ခိုင်မာမာအတည်ပြုပြီး လက်ရှိအခြေအနေတွင် အတည်ပြုနိုင်သည့် အနေအထားမျိုးတွင် ကျူးလွန်မှုနှင့်ပတ်သက်၍ မိမိတို့ တိတိကျကျ ဖော်ထုတ်ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း။

အဓိက မစစ်ဆေးရသေးသည့်အတွက် စစ်ဆေးရန်ဆောင်ရွက်နေကြောင်း၊ စစ်ဆေးပြီးမှ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ပါတီပိုင်ငွေကြေးများသုံးစွဲခြင်း၊ EC သုံးသည့် ကိစ္စများသည် ငွေကြေးကိစ္စနှင့် ပတ်သက်၍ မိမိဖြေကြားသည့်အတိုင်း ပါတီပိုင်ငွေကြေးများ၊ EC များကနေ ယင်း၏စည်းမျဉ်းနှင့်အညီ သုံးပိုင်ခွင့်အတိုင်းအတာနှင့် သုံးစွဲခြင်းဖြစ်ကြောင်း၊ တရားမဝင်သုံးစွဲခြင်းနှင့် ပတ်သက်ပြီး ပါတီဝင်တစ်ဦးကဖြစ်စေ၊ တခြားသူတစ်ဦးကဖြစ်စေ တိုင်ကြားခြင်း၊ တခြားနည်းတစ်ခုခုဖြင့်ဖြစ်စေ မည်သည့်နည်းဖြစ်စေ UEC က သိလျှင် ဥပဒေနှင့်အညီ စစ်ဆေးပြီးလိုအပ်သလို အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ Myanmar Nation Voice သတင်းဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ရွေးကောက်ပွဲကလည်း အလွန်ပင်နီးလာပြီဟု ယူဆပါကြောင်းနှင့် ခုနစ်ပါတီကို မည်သည့်အတွက်ကြောင့် စစ်ဆေးရန်နှောင့်နှေးကြန့်ကြာနေရသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပါတီများကို ၂၃-၈-၂၀၂၁ တွင် စတင်စစ်ဆေးခဲ့သည့်အတွက် တစ်နှစ်နီးပါးရှိပြီဖြစ်ကြောင်း၊ ကြန့်ကြာနေသည့် ၁၀ ပါတီရှိကြောင်း၊ ကြန့်ကြာနေရခြင်းအကြောင်းမှာ တချို့ပါတီခေါင်းဆောင်များသည် ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ တချို့ဥက္ကဋ္ဌ၊ တာဝန်ရှိသူများက ကျန်းမာရေးဆိုးရွားနေသည်ဟူ၍ ပြောဆိုခြင်းရှိကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေသည်များလည်းရှိကြောင်း၊ တချို့မှာစစ်ဆေးခံရန် စာရင်းဇယားများ၊ လူများကိုပြန်စုဖွဲ့ပြီး စစ်ဆေးနိုင်ရန်ပြန်ပြီး ဆောင်ရွက်နေဆဲများရှိကြောင်း၊ ယင်းကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သည့်အတွက် စစ်ဆေးနိုင်ရေးကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း ဖြေကြားသည်။

ဆက်လက်၍ Myanmar Nation Voice သတင်းဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက မည်သည့်အချိန်နောက်ဆုံးဟူ၍ အချိန်သတ်မှတ်ပေးရန် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက လတ်တလောတွင် အချိန်သတ်မှတ်ခြင်းမျိုးမရှိကြောင်း၊ သို့သော် ပြီးသင့်သည့်အချိန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

Cohesion News Agency မှ သတင်းထောက် ဦးရဲလင်းထွန်းက ယခုအချိန်ထိ ငြိမ်းချမ်းမှုမရှိသေးသည့်အတွက် တပ်မတော်အာဏာ ထိန်းကာလနှစ်နှစ်အတွင်း ရွေးကောက်ပွဲကို အချိန်မီကျင်းပပြုလုပ်နိုင်ပါမည်လား၊ UEC အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို မည်သို့တိုက်တွန်းအကြံပြု ပြောကြားလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ် (၅) ရပ်မှ အမှတ်စဉ် (၅) အရ အရေးပေါ်ကာလဆိုင်ရာကိစ္စများ ဆောင်ရွက်ပြီးလျှင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပေးရန် မိမိတို့ တာဝန်ဖြစ်ကြောင်း၊ ထို့သို့လုပ်နိုင်ရန် မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုရန် လိုအပ်သည်များ ပြင်ဆင်ပြုစုဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် မဲဆန္ဒရှင်များက မိမိ၏ ဆန္ဒမဲတစ်ပြားကိုနှောင်ကြိုး၊ ဖိအားအကျပ်ကိုင် ခြိမ်းခြောက်မှုမပါဘဲ လွတ်လွတ်လပ်လပ်ဆန္ဒမဲပေးနိုင်ရန် အနေအထားရှိရန်လိုကြောင်း၊ ယင်းအခြေအနေသည် သက်ဆိုင်ရာ ရွေးကောက်ပွဲကျင်းပသည့် နယ်မြေသည်လုံခြုံမှု၊ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးရှိရန်လိုအပ်ကြောင်း၊ သက်ဆိုင်သည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်သည့်နယ်မြေလုံခြုံရေးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများကလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင် ပြည်သူလူထုတစ်ရပ် လုံးကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်လျှင် ရည်မှန်းချက်ကို အမြန်ဆုံး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖြေကြားသည်။

General Life သတင်းဌာနမှ အယ်ဒီတာ ဦးအောင်ထူးထက်က ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလတွင် မိမိသည်ကသာ၊ ကောလင်း၊ ဝန်းသိုဒေသများတွင် ရောက်ရှိနေခဲ့ကြောင်း၊ ထိုနေရာ၌ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့များတွင် အင်အားကြီးသည့် ပါတီတစ်ခုက တာဝန်ပေးခိုင်းသည့် ပါတီဝင်အများစုပါနေသည်ကိုတွေ့ရကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲအချိန်ကလည်း သိပ်မကျန်တော့ကြောင်း၊ ရှေ့ကသာဓကကိုမိမိပြောခြင်းဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများက ၎င်းတို့စီးပွားရေးအရ အင်္ကျီတံဆိပ်ရိုက်ရောင်း ကြခြင်း၊ ထို့ပြင်ရွာထဲရှိမဲဆန္ဒရှင်များကို လိုက်စည်းရုံးခြင်းစသည်တို့ကိုတွေ့ရကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ထိုသို့မဖြစ်ရန်မည်သို့ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန် အစီအစဉ်များ ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲတွင် ဒိုင်လုပ်ဆောင်မည့်အဖွဲ့ဟုပြောရမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းပေးထားကြောင်း၊ အများယုံကြည်ရသည့် ပုဂ္ဂိုလ်များကိုလည်း ထည့်သွင်းဖွဲ့စည်းထားကြောင်း၊ ရုံးအဖွဲ့များမှလည်း ပေါင်းစပ်ဆောင်ရွက်ရကြောင်း၊ သက်ဆိုင်ရာအဖွဲ့ခွဲတာဝန်ခံအရာရှိများက အတွင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်ရကြောင်း၊ အလားတူသက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ၎င်းတို့အောက်ရှိ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းပေးရကြောင်း၊ ယင်းသို့ဖွဲ့စည်းရာတွင် မည်သို့သောပုဂ္ဂိုလ်များကို ထည့်သွင်းဖွဲ့စည်းရမည်ဆို သည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတွင် ပါပြီးဖြစ်ကြောင်း၊ အသက်ကန့်သတ်ချက်၊ အများယုံကြည်သော ပုဂ္ဂိုလ်များ၊ ပါတီနိုင်ငံရေးကင်းရှင်းရမည်၊ ပြစ်မှုပြစ်ဒဏ်ကင်းရှင်းသူများလည်းဖြစ်ရမည် စသည်ဖြင့် ကိုက်ညီရမည့်အချက်များကို အသေးစိတ်ပြဋ္ဌာန်းထားကြောင်း။

သို့သော် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲသည် သတင်းထောက်ကြီးပြောသကဲ့သို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် ပါတီနိုင်ငံရေးမကင်းရှင်းသူများပါဝင်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်မှ မဲဆွယ်စည်းရုံးသည့် လုပ်ငန်းစဉ်များတွင် လည်းကောင်း ကြိုတင်မဲကောက်ခံသည့် လုပ်ငန်းစဉ်များတွင်လည်းကောင်း မဲမသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် ယင်းကိစ္စများတွင် ကျူးလွန်ခဲ့သူများအား အရေးယူဆောင်ရွက်နေရသည်များရှိကြောင်း၊ နောင်ရွေးကောက်ပွဲများတွင်လည်း အလားတူ ပြစ်မှုများမဖြစ်ပွားစေရန် ပြစ်မှုအမျိုးအစားအလိုက် ထိရောက်ဟန့်တားသည့် ထိုက်သင့်သည့်ပြစ်ဒဏ်များကို လိုအပ်သလို ပြင်ဆင်ရေးဆွဲထားကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Timeline အရ တာဝန်ပေးရမည့်အချိန်နှင့်ကိုက်ညီပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က အများယုံကြည်သော ပုဂ္ဂိုလ်များကိုခန့်အပ်တာဝန်ပေးအပ်မည်ဖြစ်ကြောင်း၊ ယင်းသို့တာဝန်ပေးအပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ယခင်ရွေးကောက်ပွဲမှ သင်ခန်းစာရယူပြီးပါတီနိုင်ငံရေးကင်းရှင်းသည့် သမာသမတ်ကျသည့် အများယုံကြည်သည့် ပုဂ္ဂိုလ်များဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

သူရိယနေဝန်းဂျာနယ်မှ ဦးမိုးဟိန်းက ယခုလတ်တလော ဖြစ်ပွားနေသည့် ဥကရစ်ထတိုက်ပွဲတွင် ပြည်ထောင်စုအတွက်၊ နိုင်ငံတော်အတွက် အသက်ပေး၍ ခုခံတိုက်ခိုက်ခဲ့ကြသည့် တပ်မတော်သား ညီအစ်ကိုတော်များကို ယခုသတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ဂုဏ်ယူပါသည်ဟု ပြောလိုကြောင်း၊ အောင်ပွဲများဆက်လက်၍ ရရှိစေလိုသည်ဟု ဆန္ဒပြုလိုက်ရပါကြောင်း၊ မိမိအနေဖြင့် ဇွန် ၂၈ ရက်တွင် နိုင်ငံတော်အစိုးရကထုတ်ပြန်ခဲ့သည့် ပြည်တွင်း၊ ပြည်ပရောက်ကျောင်းသား လူငယ်များနှင့် CDM ဝန်ထမ်းများကို ပြန်လည်ဝင်ရောက်လာကြရန်အတွက် သဘောထားကြေညာချက်ကို ထောက်ခံ၍ မေးမြန်းသွားမည် ဖြစ်ကြောင်း၊ အမိနိုင်ငံတော်သို့ပြန်လာရန် စဉ်းစားနေကြသည့် ညီအစ်ကိုတော်များကို မိမိအနေဖြင့် ပြောလိုသည်မှာ ယခုထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ပြည်သူ့ဘဝထဲတွင် အေးချမ်းစွာနေထိုင်ရန် အာမခံချက်ပေးထားသည်ဟု အတိအလင်းဖော်ပြထားကြောင်း၊ ထို့ကြောင့် ပြန်လာရန်နှင့် ပြန်မလာရန်အတွက် စဉ်းစားနေကြသည့် ညီအစ်ကိုတော်များအနေဖြင့် ယခုကြေညာချက်သည် တစ်နည်းအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်နီးပါး အဓိပ္ပာယ်သက်ရောက်သည့်သဘောဖြင့် ကြေညာချက်ဖြစ်သည်ဟုပြောလိုကြောင်း၊ အင်မတန်ဝမ်းသာဖို့ကောင်းသည့် ကြေညာချက်ဖြစ်ကြောင်း၊ ပြန်လာခဲ့ကြရန် တိုက်တွန်းလိုကြောင်း၊ အိမ်အပြန်လမ်းကို မပြန်နိုင်ခဲ့သူများလည်း အများအပြားရှိခဲ့ကြောင်း။

မိမိအနေဖြင့် အမေရိကတွင် နေထိုင်စဉ်ကဗျာဆရာကြီး တင်မိုးနှင့်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံစဉ် ဆရာကြီးက မိမိကို “အိမ်ပြန်ချင်တယ်ကွာ၊ မြန်မာပြည် ပြန်ချင်တယ်”ဟု ပြောခဲ့ကြောင်း၊ သို့သော်ဆရာကြီးမှာ အိမ်မပြန်နိုင်ခဲ့ရှာကြောင်း၊ သူရေးထားသည့် ကဗျာလေးကို မိမိအားရွတ်ပြခဲ့ကြောင်း၊ ၎င်းကိုယ်တိုင် ရေးသားထားသည့် ကဗျာလေးဖြစ်သည့် “ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကို အိမ်ပြန်ပို့ကြပါတော့” ဟုဆိုသည့် ကဗျာတိုလေးကို ဆရာကြီးတင်မိုး ကိုယ်တိုင်မိမိကို ရွတ်ပြခဲ့ဖူးကြောင်း၊ မိမိအနေဖြင့်လည်း အိမ်ကို ရောက်အောင်ပြန်ခဲ့သူဖြစ်ကြောင်း၊ ညီအစ်ကိုတော်များဖြစ်ကြသည့် ကျောင်းသားလူငယ်များနှင့် CDM ဝန်ထမ်းများ၊ ထိုင်းနိုင်ငံတစ်ဖက်ကမ်းတွင် ဒုက္ခရောက်နေပြီး ပြန်သင့်၊ မပြန်သင့်စဉ်းစား၍ အိမ်အပြန် နှောင့်နှေးနေကြသည့် ညီအစ်ကိုများအားလုံးကို မိမိအနေဖြင့်“အမိမြေနဲ့ အမေ့အိမ်ကိုပြန်တဲ့ လမ်းမှာ လက်ဆောင်မလိုဘူး၊ အနိုင်၊ အရှုံးမလိုဘူး၊ ငွေမလိုဘူး၊ ရွှေမလိုဘူး”ဟု ပြောလိုကြောင်း။

မိမိတို့နိုင်ငံအတွင်း ဖြစ်ပျက်နေသည့် ပြဿနာများနှင့် ပဋိပက္ခများတွင် အရှုံးအနိုင်မရှိကြောင်း၊ “အိမ်ကို ပြန်ချင်တဲ့စိတ်၊ အမိမြေကို ပြန်ချင်တဲ့စိတ်နဲ့ တုံးတုံးချထားတဲ့ ဆုံးဖြတ်ချက်တစ်ခုသာလိုပါတယ် ငါ့ညီတို့”ဟုပြောလိုကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက အိမ်ပြန်လာရန် အာမခံချက်အပြည့်ပေးနေသည့် ထိုအခွင့်အရေးကြီးကို လက်လွှတ်မခံဘဲ အမြန်ဆုံးအိမ်ပြန်လာခဲ့ကြပါ ဟု ပြောလိုကြောင်း၊ “နိုင်ငံပျောက်သူ” ဟုဆိုသည့် ရုပ်ရှင်အတိုလေး အထဲတွင် “ငါတို့အရှုံးမပေးသ၍ နိုင်ဦးမှာပဲ”ဆိုသည့် စကားလုံးပါဝင်ကြောင်း၊ ထိုစကားလုံးမှာ ညီအစ်ကိုများ၏ အိမ်အပြန်ခရီးကို အနှောင့်အယှက်ပေးနေသူများနှင့် ဝါဒဖြန့်နေကြသူများ၏ လက်ချက် ဖြစ်ကြောင်း၊ ထိုသူများအားလုံးမှာ ငါ့ညီတို့နှင့်လက်တွဲ၍ တောထဲတွင်မရှိကြောင်း၊ ၎င်းတို့အားလုံးမှာ ပြည်ပနိုင်ငံများဖြစ်ကြသည့် အမေရိကနှင့်အခြားနိုင်ငံများကို ရောက်နေကြပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် အိမ်ပြန်ဖြစ်အောင် ပြန်လာခဲ့ကြပါဟု တိုက်တွန်းလိုကြောင်း၊ မိမိတို့လည်း အိမ်ပြန်လာခဲ့ကြကြောင်း၊ ဆရာတင်မိုးမှာ အိမ်မပြန်နိုင်ခဲ့ကြောင်း၊ ဆရာမောင်သန်းလတ်မှာ အိမ်မပြန်နိုင်ခဲ့ကြောင်း၊ အလားတူ ဆရာကြီးတစ်ဦးဖြစ်သည့် ဆရာကြီးကြေးမုံ ဦးသောင်းလည်း အိမ်မပြန်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် အချိန်မီအိမ်ပြန်နိုင်ရန်အတွက် အိမ်ပြန်ချင်သည့် ဆုံးဖြတ်ချက်နှင့် အမိမြေကိုပြန်နိုင်သည့် ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ဆန်ဆန်ချမှတ်၍ နိုင်ငံတော်အစိုးရက ဖိတ်ခေါ်နေသည့်အခွင့်အရေးကို လက်လွှတ်မခံဘဲ အိမ်ပြန်ခဲ့ကြပါဟု တိုက်တွန်းလိုကြောင်း။

မိမိမေးမြန်းလိုသည့် မေးခွန်းမှာ နယ်စပ်ဒေသအသီးသီးတွင် ကြိုဆိုဧည့်ခံရေးစခန်းများဖွင့်လှစ်၍ ကြိုဆိုမည်ဆိုသည့်အစီအစဉ်တွင် ထိုင်းတပ်မတော်ကလည်း ပူးပေါင်းကူညီမည်ဆိုသည်ကို အစောပိုင်းက ဗိုလ်ချုပ်ပြောခဲ့သဖြင့်သိရကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်တွင် ရောက်ရှိနေပြီး ပြန်လာရန်ခက်ခဲနေသည့် လူအင်အားမှာအင်အားအားလုံး၏ ငါးရာခိုင်နှုန်းကျော်ရှိနေပြီဟု မိမိတို့သတင်းရရှိကြောင်း၊ မပြန်ရဲသဖြင့် အခက်အခဲဖြစ်နေသူများအနေဖြင့် ထိုင်းနိုင်ငံဘက်ကမ်းသို့ကူး၍ ထိုင်းတပ်မတော်စခန်းများကို သွားရောက်ရမည်လား၊ ထိုင်းရဲစခန်းများဆီသို့ သွားရောက်ရမည်လားဆိုသည်ကိုသိလိုကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း ကြိုဆိုဧည့်ခံရေးစခန်းများကို ထိုင်းနိုင်ငံဘက်အထိ သွားရောက်ဖွင့်လှစ်ပေးရန် စီစဉ်ထားခြင်း ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်ကြီးပြောခဲ့သကဲ့သို့ အိမ်ပြန်ချင်နေကြသည့် လူငယ်အများအပြားရှိကြောင်း၊ ထိုသို့ပြောနိုင်ခြင်းမှာ မိမိတို့ရရှိ ထားသည့်သတင်းများအရ ပြောကြားခြင်းဖြစ်သကဲ့သို့ အချို့သောလူငယ်များ ကိုယ်တိုင်လူမှုကွန်ရက်စာမျက်နှာများတွင် တင်ထားသည့် Post များနှင့် ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များအရလည်းသိရကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့အစိုးရကို မေတ္တာရပ်ခံခဲ့သူများရှိကြောင်း၊ ထိုအကြောင်းအရာ များကြောင့်လည်း ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သတင်းထောက်ကြီးပြောသကဲ့သို့ ပြည်သူ့ဘဝထဲတွင် အေးချမ်းစွာနေထိုင်နိုင်ရန် မိမိတို့အနေဖြင့် အာမခံချက်လည်းပေးပြီးဖြစ်ကြောင်း။

မိမိပြောသကဲ့သို့ ပြည်ပတွင်ရောက်ရှိနေသူများ၊ ယခုလတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် လူငယ်များ၏ တက်ကြွမှုကို အသုံးချပြီး အတင်းအကျပ်ရှေ့မှတက်၍ တိုက်ခိုက်ခိုင်းခြင်းကို ခံနေရသူများ လည်းရှိကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်သည့် Video File များ လည်းရှိကြောင်း၊ ၎င်း Video File များကို မိမိတို့တင်ထားခြင်းမဟုတ်ကြောင်း၊ ၎င်းတို့ကိုယ်တိုင်ရိုက်ကူး၍ တင်ထားခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသဖြင့် ငိုကြွေးနေကြသည်ကိုလည်း စိတ်မချမ်းမြေ့ဖွယ်တွေ့မြင်ရကြောင်း၊ အားလုံးမှာ မိမိတို့၏ နိုင်ငံသူ၊ နိုင်ငံသားများသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်လာလျှင် မြန်မာ့အရေးကို အတူပူးပေါင်း၍ ဆောင်ရွက်ရမည့်သူများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း၊ ဇွန် ၂၈ နှင့် ၂၉ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းအဝေးအပြီးတွင် ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံခဲ့ခြင်းနှင့်ပတ်သက်၍ ကြေညာချက်များလည်း ထုတ်ပြန်ထားကြောင်း၊ ထိုင်းနိုင်ငံတပ်မတော်အနေဖြင့်လည်း  အထက်ပါကိစ္စများနှင့်ပတ်သက်၍ ၎င်းတို့၏ နယ်စပ်ဒေသများတွင် ရောက်ရှိနေသည့် လူငယ်များသိရှိနိုင်ရန် ပြောပေးမည်ဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင်လည်း ကူညီဆောင်ရွက်ပေးမည်ဟုပြောခဲ့ကြောင်း။

၁၉၈၈ ခုနှစ် အရေးအခင်းပြီးကာစအချိန်ကလည်း ထိုင်းနိုင်ငံနယ်စပ်၌ ယခုကဲ့သို့ပင် ဒုက္ခရောက်နေသူများရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံထဲတွင်ဝင်ရောက်နေထိုင်၍ ဒုက္ခရောက်နေသူများလည်းရှိခဲ့ကြောင်း၊ ထိုသို့ ဒုက္ခရောက်နေသူများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ကြိုဆိုလက်ခံရေးစခန်းများကို မိမိတို့နိုင်ငံဘက်တွင်သာမက ထိုင်းနိုင်ငံဘက်၌ပါ ဖွင့်လှစ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံစိတ်ချရသည့် ကြိုဆိုလက်ခံရေးစခန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် မိမိတို့၏သံရုံးရှိကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်ဒေသများတွင် ကောင်စစ်ဝန်ရုံးများလည်းရှိကြောင်း၊ ထိုနေရာများသို့လည်း သွားရောက်၍ သတင်းပို့နိုင်ကြောင်း၊ ယခုထက်ပိုမို တိုးချဲ့လုပ်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စေတနာထား၍ တိုက်တွန်းလိုသည်မှာ မိမိတို့သိရသည့်သတင်းများအရ အချို့သောလွှတ်တော်အမတ်များလည်းပါဝင်ကြောင်း၊ လွှတ်တော်အမတ်ဟုဆိုသော်လည်း ထင်ရှားသည့်အမတ်များမဟုတ်ကြောင်း၊ NLD ဘက်မှ လွှတ်တော်အမတ်များဖြစ်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင်မှ ပထမဦးဆုံးအကြိမ် ဝင်ရောက်အရွေးခံခဲ့သည့် လွှတ်တော်အမတ်များဖြစ်ကြောင်း၊ အသက်အရွယ် ငယ်သူများလည်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိနေသည့် လွှတ်တော်အမတ်အချို့လည်းရှိကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် နိုင်ငံရေးကို ဆောင်ရွက်ရာတွင် ၎င်းတို့၏ မူလခံယူချက်အတိုင်း မိမိတို့တိုင်းပြည်၏ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်မည်ဆိုသည့် ရည်ရွယ်ချက်နှင့်သာဖြစ်ကြောင်း၊ ၎င်းတို့အားလုံးမှာ ကြောက်လန့်တကြား ထွက်ပြေး ကြသည့်အချိန်တွင် ဘုမသိဘမသိရောယောင်၍ ထွက်ပြေးခဲ့ကြသူများ ဖြစ်ကြောင်း၊ သို့သော် လူရာသွင်းခြင်းမခံရဘဲ အတော်ဒုက္ခရောက်နေကြသူများလည်းရှိကြောင်း၊ ထိုသူများအထဲမှ မိမိတို့ကို ဆက်သွယ်၍ သတင်းပေးလာသူများရှိကြောင်း၊ မိမိတို့ ယခုထုတ်ပြန်ကြေညာခဲ့သည့် ကြေညာချက်အထဲတွင် လူငယ်လူရွယ်များ၊ CDM လုပ်သည့် ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများဟု အဓိကထား၍ ခေါင်းစဉ်တပ်ထားသော်လည်း အထက်တွင်မိမိပြောခဲ့သူများလည်း ပါဝင်သည်ဟု အသိပေးလိုကြောင်း။

မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံထားသည့် ကိစ္စနှစ်ခုရှိကြောင်း၊ ပြည်သူများလိုလားတောင့်တ နေသည့် ပါတီစုံဒီမိုကရေစီစနစ်မှ မည်သည့်အချိန်တွင်မျှ သွေဖည်သွားမည်မဟုတ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းပေါ်မှ မည်သည့်အချိန်တွင်မျှ သွေဖည်သွားမည်မဟုတ်ကြောင်း၊ အဆိုပါအချက်နှစ်ချက်ကို မိမိတို့ခိုင်ခိုင်မာမာ အာမခံထားကြောင်း၊ ထို့ကြောင့်မိမိအနေဖြင့် “အားလုံးလိုချင်နေသည့်အရာမှာ ဒါပဲမဟုတ်ဘူးလား” ဟု မေးလိုကြောင်း၊အားလုံး၏ ရည်မှန်းချက်မှာ အတူတူပင်ဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါက မဟာဗျူဟာအရတူညီပြီးဖြစ်ကြောင်း၊ လုပ်နည်းလုပ်ဟန်များတွင်သာ ကွဲပြားခြားနားကောင်း ကွဲပြားခြားနားလိမ့်မည်ဖြစ်ကြောင်း၊ ပေါင်းဆုံ၍ရသောကြောင့် အားလုံးအနေဖြင့်  နိုင်ငံရေးရည်မှန်းချက်အရဖြစ်စေ၊ ခြိမ်းခြောက်ခံရ၍ဖြစ်စေ သူတစ်ပါး၏ နယ်မြေတွင် သွားရောက်၍ ဒုက္ခခံ၊ အသေခံရန်မလိုကြောင်း၊ ၎င်းတို့ လိုချင်သည့် ဒီမိုကရေစီစနစ် ထူထောင်ရေးဆိုသည့်ကိစ္စကိုလည်း မိမိတို့ အာမခံထားပြီးဖြစ်ကြောင်း၊ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်ပြောလိုကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် ယခုကဲ့သို့ ပြောကြားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ သတင်းထောက်ကြီး ပြောခဲ့သည့် ဥကရစ်ထ နယ်စပ်စစ်ဆင်ရေး ခြေကုပ်စခန်းတွင်ယခုအချိန်အထိ ကြံ့ကြံ့ခံ၍ မိမိ၏အသက်ကိုပင် ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားအားလုံးကိုလည်း ယခုသတင်းစာရှင်းလင်းပွဲမှ တစ်ဆင့်ကျေးဇူးတင်ပါသည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)