Skip to main content

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်

နေပြည်တော် ဇူလိုင် ၅

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ယင်းနောက် မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသူ မအိမ့်သည်းဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ပြီး (ဝဲပုံ) ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်က ငါးဘာသာဂုဏ်ထူးရရှိသူတစ်ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ တစ်ဦးနှင့် နှစ်ဘာသာဂုဏ်ထူးရရှိသူ နှစ်ဦးကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများက နှစ်ဘာသာဂုဏ်ထူးရရှိသူတစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ ကိုးဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၀ ကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင် မအိမ့်သည်းဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများက ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်