Skip to main content

ပေါ်ဦးပေါ်စ နွေစပါးဆန်စျေးကွက် အခြေအနေ

မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ဆောင်ရွက်သောဒေသဖြစ်ရာ စပါးကိုအများဆုံးစိုက်ပျိုးကြပါသည်။ မိုးစပါး၊ နွေစပါး အဖြစ် နှစ်ရာသီလုံး စိုက်ပျိုးကြပြီး ၂၀၂၁ - ၂၀၂၂ ခုနှစ်အတွက် နွေစပါး လျာထားဧက (၄၃၅၀၂)ဧက လျာထားခဲ့ပြီး (၄၆၇၇၇)ဧကစိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည်။ နွေစပါးများကို မတ်လကုန် ဧပြီလဆန်းပိုင်းမှ စတင်စိုက်ပျိုးကြပြီး ယခုဇွန်လဆန်းတွင်  စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ နွေစပါးမျိုးကွဲများအနေဖြင့် ရက်(၉၀)၊ ရက်(၁၁၀) မျိုးများကို အများဆုံးစိုက်ပျိုးပြီး မနောသုခ၊ ရွှေသွယ်ရင် စပါးမျိုးများလည်း စိုက်ပျိုးကြပါသည်။

စိုက်နည်းစနစ်အနေဖြင့် တိုက်ရိုက်အစေ့ချ၊ ကြဲခင်းအဖြစ်အများဆုံး စိုက်ပျိုးကြပြီး ပျိုးထောင် စိုက်အနည်းငယ်သာစိုက်ပျိုးကြကြောင်း၊ ရေသောက်နည်းလမ်းအနေဖြင့် ဆည်ဘောင်ရိုး၊ ရေ လှောင်တမံတည်ရှိရာဖြစ်၍ အများစုမှာ ဆည်ရေသောက်ဧရိယာများပြီး သဘာဝရေနဲ့လည်း စိုက်ပျိုးကြပါသည်။ ယခုအခါတွင် နွေစပါး (၉၆၀၁)ဧကရိတ်သိမ်းပြီးဖြစ်၍ တစ်ဧကလျှင် အထွက်နှုန်း (၁၀၆)တင်း ခန့်ထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းများ အရသိရှိရပါသည်။ နွေစပါးတစ်ဧက ကုန်ကျစရိတ်အနေဖြင့် လယ်ကန်သင်းပေါ်အ‌ရောက် ရိတ်သိမ်းချွေလှေ့ခ (၁၀၀၀၀၀/-)ကျပ်၊ မြေပြင်ခြင်း၊ မျိုးကြဲပတ်ခြင်းနှင့် အပင်ပြုစုခြင်းအတွက်(၂၅၀၀၀၀/-)ကျပ်၊ မျိုး၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ လုပ်အားခအတွက်(၂၉၀၀၀၀/-)ကျပ်၊ စုစု ပေါင်းကုန်ကျငွေ (၆၄၀၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကျကြောင်း၊ ပေါ်ဦးပေါ်စ နွေစပါးစျေးကွက် အနေဖြင့် ဇွန်လဆန်းပိုင်းမှာ (၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)လျှင် မနောသုခ(၈၀၀၀၀၀/-) ကျပ်၊ ရက်(၉၀) ရက်(၁၁၀)လျှင် (၇၈၀၀၀၀/-)ကျပ်ရှိခဲ့ရာမှ ယခုဇွန်လလယ်မှာတော့ မနောသုခ (၈၅၀၀၀၀/-)ကျပ်၊ ရက်(၉၀)၊ ရက်(၁၁၀)လျှင်(၈၅၀၀၀၀/-) ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ် လျက်ရှိရာ စျေးနှုန်းမြှင့်တက်နေပြီး တောင်သူများ စျေးကောင်းရရှိနေကြောင်း၊ ဆန်စျေးကွက် အနေဖြင့် (၂၄)ပြည် တစ်အိတ်လျှင် ဇွန်လဆန်းပိုင်း၌ မနောသုခ (၂၈၀၀၀/-)ကျပ်၊ ရက်(၉၀) ၊ ရက်(၁၁၀)လျှင် (၂၇၀၀၀/-)ကျပ် ရှိခဲ့ရာမှ ဇွန်လအလယ်ပိုင်းတွင် မနောသုခ(၃၀၀၀၀/-)ကျပ်၊ ရက်(၉၀)၊ ရက်(၁၁၀) လျှင်(၃၁၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်သွက်လျက်ရှိပြီး မန္တလေးကုန်သည် ပွဲစားများထံသို့အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း၊ စက်ပိုင်၊ ကုန်သည်၊ ပွဲစားများထံမှ သိရှိရပါသည်။

မိုးစပါးများဖြစ်သော မဂျမ်းတောနှင့် မနောသုခဆန်များသာဒေသ တွင်း စားသုံးသူများသည့်အတွက်ကြောင့် နွေစပါးအားရိတ်သိမ်းပြီး လယ်ကန်သင်းပေါ်တွင် ပွဲစား၊ စက်ပိုင်များထံသို့ စပါးအစိုအတိုင်း ရောင်းချကြကြောင်း၊ ယခုနှစ်တွင် သွင်းအားစုဓါတ် မြေသြဇာစျေးကြီးပေမယ့် အထွက်နှုန်းကောင်းပြီး စျေးကောင်းရရှိလို့ တောင်သူတွက်ချေကိုက်လျက်ရှိပြီး ယခုစျေးအတိုင်း ဆက်လက်ရောင်းချရနိုင်ရေး မျှော်လင့်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)