Skip to main content

အမျိုးသမီးများကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် စီစဉ်ဆောင်ရွက်ပြီး ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဇူလိုင် ၄

အမျိုးသမီးများကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် စီစဉ်ခြင်း၊ ပို့ဆောင်ရောင်းစားသူများကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင် သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရိုးကြီးကျေးရွာနေ ဦးထွန်းနိုင်နှင့် မဝါဝါနွယ် (ခ) မဝါတို့က တစ်ရွာတည်းနေ မ ---၊ ၂၃ နှစ်ကို တရုတ်နိုင်ငံရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင် ပါက တစ်လလျှင် စားစရိတ်ငြိမ်း ငွေကျပ်သုံးသိန်းရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံအတွင်းသို့ ခေါ်ဆောင်ကာ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် စီစဉ်ဆောင်ရွက်ပြီး ငွေကြေးအကျိုး အမြတ်များရယူခဲ့သဖြင့် မှော်ဘီမြို့မရဲစခန်း (ပ) ၂၈၆၂/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၃၀ ရက်တွင် တရားခံဦးထွန်းနိုင်နှင့် မဝါဝါနွယ်(ခ) မဝါတို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အလားတူ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နေ မခင်ငြိမ်းချမ်း(ခ) ငြိမ်းငြိမ်းနှင့် ဒေါ်အေးစန်း တို့က တစ်မြို့တည်းနေ မ ---၊ ၄၀ နှစ်ကို တရုတ်နိုင်ငံတွင် ထမင်းချက်အလုပ်လုပ်ပါက တစ်လလျှင် ငွေကျပ် သုံးသိန်းရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားကာ ငွေကြေး အကျိုးအမြတ်များ ရယူခဲ့သဖြင့် ဒန့်ဒလွန်ပင်နယ်မြေ ရဲစခန်း (ပ) ၁၇/၂၀၂၀၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မကွေးခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၃၀ ရက်တွင် တရားခံ မခင်ငြိမ်းချမ်း(ခ) ငြိမ်းငြိမ်းနှင့် ဒေါ်အေးစန်းတို့ကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထို့အတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်နေ မအိခိုင်စိုး(ခ) မှဲ့ကြီး၊ မော်မော်ဦး(ခ) ဒေါ်ချော၊ မောင်ဇော်နှင့် ကျော်လေးတို့က ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့နယ်နေ မ ---၊ ၂၉ နှစ်ကို တစ်လလျှင် ငွေကျပ် နှစ်သိန်းခန့်ရမည့် အလုပ် ရှာပေးမည်ဟု ပြောဆိုစည်းရုံး၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် သောင်ကြီးနယ်မြေ ရဲစခန်း (ပ) ၂၂၇၀/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၈ (က)ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၃၀ ရက်တွင် တရားခံ မအိခိုင်စိုး(ခ)မှဲ့ကြီးနှင့် မော်မော်ဦး(ခ) ဒေါ်ချောတို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ် နှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပြီး တိမ်းရှောင် တရားခံမောင်ဇော်နှင့် ကျော်လေးတို့အား တရားခံ ပြေး ကြေညာခဲ့ကြောင်း သိရသည်။

သတင်းစဉ်