Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပြနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်းရှိ လမ်းများအဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇူလိုင် ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ၊ ပြည်သူ များ သွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်းရှိ လမ်းများအဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာစီမံကိန်း စီမံခန့်ခွဲရေးကော်မတီရုံးသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများ နေထိုင်ရေးအဆင်ပြေစေရန် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စား၊ ဝတ်၊ နေရေး ဆိုသည့် အရေးသုံးပါးတွင် နေထိုင်ရေးသည်လည်း အဓိကကျပါကြောင်း၊ ယခု ကျန်စစ်မင်းအိမ်ရာ စီမံကိန်း အပိုင်း (၁) နှင့် အပိုင်း(၂)တို့တွင် ဆောင်ရွက်ဆဲအိမ်ရာကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း၊ အိမ်ရာစီမံကိန်းများ စနစ်ကျနစွာဖြင့် အကောင်အထည်ပေါ်လာရေး အတွက် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တည်ဆောက်ပြီး အိမ်ရာစီမံကိန်းများကိုလည်း ပြန်လည် Review လုပ်ရန် လိုပါကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် FMI အိမ်ရာစီမံကိန်း ၊ ကျန်စစ်မင်း အိမ်ရာစီမံကိန်း အပိုင်း (၁)နှင့် အပိုင်း(၂)၊ ထီးလှိုင်ရှင် အိမ်ရာစီမံကိန်းနှင့် ပန်းလှိုင်အိမ်ရာ စီမံကိန်းများရှိ တည်ဆောက်ပြီး အိမ်ရာများနှင့် တည်ဆောက်ဆဲအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း လမ်းဦးစီးဌာနက ဆောင်ရွက်သည့် မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ကို ဆက်သွယ်သည့် အရှည် ၄ မိုင် ၁ ဖာလုံရှိသော ဆပ်သွားတော - ညောင်နှစ်ပင်လမ်းကို အမာခံ ကျောက်လမ်းပခုံး ဆောင်ရွက်နေသည့် လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ခရိုင်ချင်း ဆက်လမ်းပေါ်ရှိ ညောင်နှစ်ပင် အဝင်လမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက လမ်းပခုံးများပါ အမာခံလမ်းအဆင့်ရရှိအောင် အထပ်ထပ် ဆောင်ရွက်ရန်၊ လမ်းပေါ် ရေမဝပ်စေရန် ၊ သစ်ပင် များကို လိုအပ်ချက်မျှသာ စနစ်တကျအလင်းဖွင့်ပေးရန်နှင့် လမ်းဘေး ဝဲ/ယာ အပင်မရှိသည့် နေရာများတွင် သစ်ပင်များ စိုက်ပျိုးပေးရန်တို့ကို တာဝန်ရှိသူများအား မှာကြားသည်။

သတင်းစဉ်