နေပြည်တော် ဇူလိုင် ၄
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိတ်စိုက်ထည့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေနှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ဥက္ကဋ္ဌဦးသန်းဆွေက အမှာစကားပြောကြားပြီး ဥက္ကဋ္ဌရုံးအဖွဲ့နှင့် ဦးစီးဌာနများမှ ဝန်ထမ်းများအတွက် ပျိုးပင်များကို အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက သတ်မှတ်နေရာ၌ ကံ့ကော်ပင်ကို စတင်စိုက်ပျိုးပေးသည်။ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အရာထမ်း၊ အမှုထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ဝန်ထမ်းများက ကံ့ကော်၊ ကျွန်း၊ မဟော်ဂနီ၊ ခရေ၊ မယ်ဇယ်၊ ပိတောက်၊ တည်ပင်၊ စက္ကူပန်းပင် စသော နှစ်ရှည်ပင်၊ ပန်းအလှပင် နှင့် အရိပ်ရလေကာပင် စုစုပေါင်း အပင် ၃၀၀ ကို သတ်မှတ်နေရာများအလိုက် စိုက်ပျိုးကြသည်။ ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် တာဝန်ရှိ သူများနှင့်အတူ ပြည်ထောင်စုရာထူး ဝန်အဖွဲ့ရှိ ဆည်အမှတ်(၂၆)အတွင်း ငါးသယံဇာတ များ မြှင့်တင်နိုင်ရေး ငါးမျိုးစိတ် စိုက်ထည့်ခြင်းအနေ ဖြင့် ငါးမြစ်ချင်း စုစုပေါင်းကောင်ရေ ၂၀၅၀၀ စိုက်ထည့်ပေးကြောင်း သိရသည်။
သတင်းစဉ်