သင်တန်းရည်ရွယ်ချက်များ အောင်မြင်စေရန်နှင့် လက်တွေ့လုပ်ငန်းတွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေး ကြိုးစားသင်ယူ
နေပြည်တော် ဇူလိုင် ၄
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက စီစဉ်ဖွင့်လှစ်သော အရာရှိ စွမ်းရည်မြှင့်သင်တန်း (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မီဒီယာကို နုပျိုသစ်လွင်သည့် အစီအစဉ်များဖြင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်ဖြစ်သည့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများကို သမားရိုးကျစနစ်ဖြစ်သည့် စာအုပ်စာစောင်များ မှတ်ပုံတင် ခြင်း၊ ကတ်တလောက်ရေးဆွဲခြင်း၊ စာအုပ်များငှားရမ်းခြင်းလုပ်ငန်းများကို ခေတ်ကာလနှင့် လိုက်လျောညီထွေဖြစ်စေမည့် ပြောင်းလဲတိုးတက်လာသော နည်းပညာများနှင့်အညီ Digital Library စနစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ Digital Library စနစ်သို့ အဆင့်မြှင့်တင် နိုင်ရေးအတွက် e-Library Management System Software အသုံးပြုနည်း သင်တန်း သုံးကြိမ်ဖွင့်လှစ်၍ ဝန်ထမ်း ၈၉ ဦးအားလေ့ကျင့် သင်ကြားပေးမှုနှင့်အတူ Digital Library စနစ်သို့ အဆင့်မြှင့်တင်မည့် ခရိုင်နှင့် မြို့နယ်ရုံးများကို ကွန်ပျူတာများအပါအဝင် လိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ ကြောင်း။
အရာရှိ စွမ်းရည်မြှင့်သင်တန်း (၃/၂၀၂၂) တက်ရောက်ကြမည့် ဒုတိယညွှန်ကြားရေးမှူး (တာဝန်ပေး)များ၊ လက်ထောက်ညွှန်ကြား ရေးမှူးများအနေဖြင့် Digital Library စနစ်သို့ အဆင့်မြှင့်တင်၍ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြီးကြပ် ဆောင်ရွက်နိုင်ရန် e-Library Management System Software အသုံးပြုနည်း ဘာသာရပ်ကို ယခုသင်တန်းတွင် ထည့်သွင်းပို့ချပေးသွားမည် ဖြစ်ကြောင်း၊ အရာရှိစွမ်းရည်မြှင့် သင်တန်းများကို ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးများဖြင့် နှစ်ကြိမ်ဖွင့်လှစ်ရန် လျာထားခဲ့သော်လည်း လုပ်ငန်းဆိုင်ရာ အရည်အသွေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးများ ပိုမိုကျွမ်းကျင်လာစေရေး အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးများရှိ ဒုတိယညွှန်ကြားရေးမှူး (တာဝန်ပေး)များကိုပါ တက်ရောက်စေပြီး သင်တန်းများကို သုံးကြိမ်အထိ တိုးမြှင့်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မေလနှင့်ဇွန်လအတွင်း အရာရှိစွမ်းရည်မြှင့်သင်တန်း နှစ်ကြိမ်ဖွင့်လှစ်၍ ဒုတိယညွှန်ကြားရေးမှူး (တာဝန်ပေး)နှင့် လက်ထောက် ညွှန်ကြားရေးမှူး ၅၆ ဦးကို ပို့ချပေးနိုင်ခဲ့ကြောင်း။
ယခုဖွင့်လှစ်သည့် အရာရှိစွမ်း ရည်မြှင့်သင်တန်း(၃/၂၀၂၂)ခုနှစ်တွင် ဒုတိယညွှန်ကြားရေးမှူး (တာဝန်ပေး) လေးဦးနှင့်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ၁၅ ဦး ပေါင်း ၁၉ ဦး တက်ရောက် ကြမည်ဖြစ်ကြောင်း၊ သင်တန်းတွင် အရည်အချင်း ပြည့်ဝသည့် ခေါင်းဆောင်များ ဖြစ်လာစေရန်နှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်း များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်စေရန်အတွက် ခေါင်းဆောင်မှုဘာသာရပ်၊ ဦးစီးဌာနလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေး ဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဘာသာရပ်၊ ဘဏ္ဍာရေးစည်းမျဉ်း ဘာသာရပ်များကို ပို့ချပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းတက်ရောက် နေစဉ်ကာလအတွင်း သင်တန်းစည်းကမ်းချက်များကို တိကျစွာလိုက်နာ၍ သင်တန်းဖွင့်လှစ်ရ သည့် ရည်ရွယ်ချက်များ အောင်မြင်စေရန်နှင့် လက်တွေ့လုပ်ငန်းတွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေး အစွမ်းကုန်ကြိုးစား သင်ယူကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူ များ တက်ရောက်ကြသည်။
သတင်းစဉ်