နေပြည်တော် ဇူလိုင် ၄
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇူလိုင် ၂ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာစက်မှုဇုန်ရှိ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ် က ရှမ်းပြည်နယ်အတွင်းရှိ စက်မှု ဇုန်များအခြေအနေ၊ စက်မှုမှတ်ပုံ တင် ပြုလုပ်ပေးနေမှု၊ ဘွိုင်လာနှင့်လျှပ်စစ် အသုံးပြုလုပ်ငန်းများ စစ်ဆေးပေးမှု၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးနေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်မှုဇုန်များစနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ကူညီပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ရန်၊ စက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ဦးဆောင်မှုပေးနိုင်သည့်ကဏ္ဍမှ ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဘွိုင်လာ ဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်အောင် ဆောင်ရွက်ရန်၊ စက်မှုဇုန်အလိုက်ဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ပြုစုသုံးသပ်ရန်၊ စက်မှုလက်မှုလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းတိုးတက်ဆောင် ရွက်နေသည့် အခြေအနေများကို ပြုစုထားရန်နှင့် သုံးလတစ်ကြိမ် စောင့်ကြည့်သုံးသပ်သွားရန် မှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် အမှတ် (၂) သံမဏိ စက်ရုံ(ပင်းပက်)သို့ ရောက်ရှိပြီး စက်ရုံ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် တာဝန်ရှိသူများက Waste Heat Boiler နှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ မေးမြန်းတင်ပြချက်များ အပေါ် ပြန်လည်ရှင်းလင်းဖြေကြား သည်။
ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးအား ခေတ္တစက်ရုံမှူးနှင့် တာဝန်ရှိသူများက စက်ရုံပြန်လည် လည်ပတ်နိုင်ရေး စက်ပစ္စည်းများ ပြင်ဆင်ဆောင် ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းများ စစ်ဆေးပြုပြင်သည့် လုပ်ငန်းများကို အချိန်ဇယားနှင့်အညီ ဆောင်ရွက်ရန်နှင့် အရည်အသွေး ပြည့်ဝစွာ ပြီးမြောက်နိုင်ရေး ကြပ်မတ် ဆောင်ရွက်ရန်၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)သည် သံနှင့်သံမဏိများ ထုတ်လုပ်ရန် အဓိကကျသော သံစိမ်းများကို ထုတ်လုပ်မည်ဖြစ်၍ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ သံနှင့်သံမဏိပစ္စည်းများ၏ ဓာတုနှင့်ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတို့ တိုင်းတာသည့် စက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းရန်၊ ရေးဆွဲနေသည့် Waste Heat Boiler အစိတ်အပိုင်း၏ ဒီဇိုင်းနှင့်ပတ်သက်သည့် ပုံစံတူဒီဇိုင်းများနှင့် အသေးစိတ် ရုပ်ပုံကားချပ်များကို စနစ်တကျ သိမ်းဆည်းထားရန်၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ရေးဆွဲဆောင်ရွက်ရန်နှင့် သံစိမ်းထုတ်လုပ်သည့် နည်းပညာများနှင့် စက်ထိန်းချုပ်ခံ စနစ်များကို လက်ဆင့်ကမ်းပေး နိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်ရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် Romelt Shop, Waste Heat Boiler, 2 Lift Pump House, Ore Preparation Unit, Air Separation Unit အတွင်းရှိ စက်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်း များ စစ်ဆေးပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်