Skip to main content

ရေကြောင်းခရီးကိုအသုံးပြု လူမှုစီးပွားအဆင်ပြေရေးဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “မိမိတို့နိုင်ငံ၌ မြစ်ချောင်းများစွာ သွယ်တန်းလျက်ရှိနေသည့်အတွက် သွားလာမှုနှင့် ပို့ဆောင်ရေးအပိုင်းတွင် ရေကြောင်း ပို့ဆောင်ရေးသည် အကောင်းဆုံးလမ်း ကြောင်းအဖြစ်ရှိသော်လည်း စနစ်တကျဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုအားနည်းခဲ့ကြောင်း၊ ထို့ကြောင့် ရေကြောင်းပို့ဆောင်ရေးစနစ် ဖွံ့ဖြိုး တိုးတက်ရန်အတွက် အစိုးရမှဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းများ ကိုလည်း အားပေးရန်လိုကြောင်း” ဇူလိုင်လ ၂ ရက်နေ့က ပြောကြားခဲ့သည်။

မျက်မှောက်ကာလတွင် ပြည်တွင်းကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ခရီးသည်ပို့ဆောင်ရေးကဏ္ဍ၌ ကုန်းလမ်းပို့ဆောင်ရေးကို အဓိကအားထားအသုံးပြုနေ ကြသည်။ သီးသန့်ယာဉ်၊ ကုန်တင်ယာဉ်၊ ခရီးသည်ပို့ဆောင်ရေးယာဉ်များဖြင့် နိုင်ငံတစ်ဝန်းသို့ နေ့စဉ်ပို့ဆောင်ပေးလျက်ရှိသည်။ ယနေ့ကာလတွင် စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုကြောင့် စရိတ်စကမြင့်မားလာမှုများနှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် သက်သာသော ပို့ဆောင်ရေးလုပ်ငန်းများကို ထည့်သွင်းစဉ်းစားရန်လိုအပ်လာသည်။ မီးရထားလမ်းပိုင်းမှာ ဒေသအနှံ့မရောက်နိုင်မှု၊ သင်္ဘောလမ်းပိုင်းမှာ အချိန်ကြာမြင့်မှုတို့ကြောင့် ကုန်းလမ်းပို့ဆောင်ရေးကို အများဆုံးအသုံးပြုကြသည်။

ထို့ကြောင့် ကုန်းလမ်း၊ ရေလမ်း၊ မီးရထားလမ်းများ ပိုင်းခြားအသုံးပြုနိုင်သည့် အစီအမံများ စီစဉ်ဆောင်ရွက်သင့်သည်။ အရေးမကြီးသည့် ကုန်ပစ္စည်းများကို ရေလမ်းကြောင်းများမှ ပို့ဆောင်ပေးနိုင်ရေးအတွက် အသိပညာပေးကြရမည်ဖြစ် သည်။ ရေကြောင်းပို့ဆောင်ရေးသည် ငွေကုန်ကြေးကျ အသက်သာဆုံးနှင့် ကုန်ပစ္စည်းများစွာကို အမြန်ဆုံးရွှေ့ပြောင်းပေးနိုင်သော လမ်းကြောင်းတစ်ခုဖြစ် သည်။ မြန်မာနိုင်ငံတွင် ရှည်လျားလှသော သံလွင်၊ ချင်းတွင်း၊ ဧရာဝတီမြစ်ကြီးများ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းတစ်လျှောက်တို့ကို ပိုင်ဆိုင်ထားသည်။ အဆိုပါရေလမ်းကြောင်းများကို အကျိုးရှိအောင်အသုံးချခြင်းဖြင့် ပြည်သူနှင့်နိုင်ငံအတွက် များစွာအကျိုးရှိလာမည်ဖြစ်သည်။

ရေကြောင်းပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရေလမ်းကြောင်းများ ကောင်းမွန်ရန်၊ ဆိပ်ကမ်းများ ကောင်းမွန်ရန်နှင့် သင်္ဘောများ ကောင်းမွန်ရန်လိုအပ်သည်။ ထို့အပြင် ဆိပ်ကမ်းများတွင် ခရီးသည်များနားနေရန်၊ ကုန်စည်များပို့ဆောင် ရေးအတွက် လိုအပ်သည့် ယာဉ်ရပ်နားရန်နေရာများနှင့် ကုန်ပစ္စည်းများထားရှိ ရန်နေရာများလိုအပ်သည်။ သက်ဆိုင်ရာကဏ္ဍတွင် လိုအပ်သည့် လူသားအရင်း အမြစ်များ မွေးထုတ်ပေးရန်၊ ပါဝင်လုပ်ကိုင်နိုင်ရန် လိုအပ်သည်။ မော်တော်ယာဉ်များဖြင့် ကုန်ပစ္စည်းများကိုတင်ဆောင်၍ ၎င်းမှတစ်ဆင့် ရေကြောင်းပို့ဆောင်ရေးကို အသုံးပြုဆောင်ရွက်သည့် ကမ်းရိုးတန်းပို့ဆောင်ရေးစနစ်ကို အကျိုးရှိစွာအသုံးချဖို့ လိုအပ်သည်။ ကုန်ကျစရိတ်သက်သာသော ရေကြောင်းပို့ဆောင်ရေးစနစ် ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်ပြီး ပြည်သူများက ရေကြောင်းပို့ဆောင် ရေးလုပ်ငန်းများအပေါ် ယုံကြည်မှု၊ စိတ်ဝင်စားမှု မြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ရေကြောင်းပို့ဆောင်ရေးကို အဆင့်မြှင့်တင်ဆောင်ရွက်ရာ၌ သင်္ဘောများ တည်ဆောက်၊ ပြုပြင်သောသင်္ဘောကျင်းလုပ်ငန်းများ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သင်္ဘောများတည်ဆောက် ပြုပြင်မွမ်းမံထိန်းသိမ်းရေးတွင် အစဉ်အလာကောင်းများစွာရှိခဲ့သည်။ လွန်ခဲ့သောနှစ်များစွာက မြန်မာနိုင်ငံသင်္ဘောကျင်းများမှ နိုင်ငံတကာအဆင့်အတန်းမီသည့် သင်္ဘောများကို ပြည်ပနိုင်ငံများအတွက် တည်ဆောက်ပေးနိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှစတင်၍ ပြည်တွင်းသုံးအတွက် သင်္ဘော ၂၄ စင်းတည်ဆောက်ခဲ့ပြီး တည်ဆောက်ဆဲသင်္ဘောများလည်းရှိသည်။ အဆိုပါသင်္ဘောများအား ပင်လယ် ကမ်းရိုးတန်း ငါးဖမ်းသင်္ဘောများ၊ တွန်းဆွဲသင်္ဘောနှင့် ဧရာဝတီဘက်စုံသုံးသင်္ဘော များအဖြစ် အသုံးပြုနေကြသည်။

ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဆိပ်ကမ်းများ၊ သင်္ဘောတည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ အားကောင်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိကာလ၌ မြန်မာနိုင်ငံတွင် သီလဝါဆိပ်ကမ်း၊ သီလဝါစီးပွားရေးဇုန်သည် အကြီးဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၌ နိုင်ငံတကာအဆင့်မီသော သင်္ဘောများထုတ်လုပ်နိုင်ပါက နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံမှ သင်္ဘောများကို အသုံးပြုကြမည့်အစီအစဉ်များရှိသည်။ သို့ဖြစ်ရာ နိုင်ငံတော်နှင့်ပြည်သူအတွက် အကျိုးဖြစ်ထွန်းမည့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။