နေပြည်တော် ဇူလိုင် ၄
တပ်မတော်ဘောလုံးအကယ်ဒမီသင်တန်း အမှတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့(ညနေ) ၃:၃၀ အချိန်၌ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ကျင်းပသည်။ အခမ်းအနားသို့ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ထိန်လင်း၊ တပ်မတော် ဘောလုံးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ဝင်းမြတ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တပ်မတော် ဘောလုံးအကယ်ဒမီ သင်တန်းမှ နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ထိန်လင်းက အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကိုကိုသိန်းမှ တပ်မတော်ဘောလုံး အကယ်ဒမီသို့ ငွေကျပ် သိန်း ၈၀ တန်ဖိုးရှိ အားကစားအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းရာ တပ်မတော်ဘောလုံးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ဝင်းမြတ်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် တက်ရောက်လာသူများက တပ်မတော်ဘောလုံးအကယ်ဒမီ သင်တန်းအမှတ်စဉ်(၃) သင်တန်းသားများ၏ သရုပ်ပြဘောလုံးကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းအား နိုင်ငံတော်၏ဘောလုံးအားကစားတိုးတက်ရေးကို တပ်မတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်နှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအားကစား သမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ပြီး တပ်မတော်ဘောလုံး အကယ်ဒမီသင်တန်း အမှတ်စဉ်(၁)အား ၂၀၁၅ ခုနှစ်တွင် တိုင်းစစ်ဌာနချုပ်အသီးသီးမှ စစ်မှုထမ်းမိသားစုဝင်များနှင့် စည်းရုံးရေးနယ်မြေအတွင်းမှ အသက် ၁၁ နှစ်နှင့်အောက် သင်တန်းသား ၂၅ ဦး၊ အသက် ၁၃ နှစ်နှင့်အောက် သင်တန်းသား ၂၅ ဦး စုစုပေါင်း ၅၀ ဦးတို့ဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အသက်အပိုင်းအခြားအလိုက် မြန်မာ့လက်ရွေးစင်အဖြစ် ရှစ်ဦး၊ ပဏာမလက်ရွေးစင်အဖြစ် ရှစ်ဦးမွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်ဘောလုံး အကယ်ဒမီသင်တန်း အမှတ်စဉ် (၂)တွင်လည်း တိုင်းစစ်ဌာနချုပ်အသီးသီးမှ စစ်မှုထမ်းမိသားစုဝင်များနှင့် စည်းရုံးရေးနယ်မြေအတွင်းမှ အသက် ၁၁ နှစ်နှင့်အောက် သင်တန်း သား ၂၅ ဦး၊ အသက် ၁၃ နှစ်နှင့်အောက် သင်တန်းသား ၂၅ ဦး စုစုပေါင်း ၅၀ ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ယခု တပ်မတော်ဘောလုံးအကယ်ဒမီ သင်တန်း အမှတ်စဉ် (၃) တွင် အသက် ၁၂ နှစ်နှင့် ၁၃ နှစ်ကြား သင်တန်းသား စုစုပေါင်း ၃၀ ဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ နည်းပြ ၅ ဦး၊ နိုင်ငံခြားသား နည်းပြ ၁ ဦး တို့ဖြင့် သင်တန်းကာလ ၄ နှစ်ကြာသင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။