နေပြည်တော် ဇူလိုင် ၄
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူခြင်း စသည့်နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ သရက်ခုံကျေးရွာနေသူများဖြစ်သည့် မောင်းတော်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာ ဦးဇော်ဝင်းသိန်း(၄၃)နှစ်(ဘ) ဦးမောင်တင့်နှင့် ၎င်း၏ညီမဖြစ်သည့် သရက်ခုံကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြ ကျောင်းဆရာမ မဥမ္မာဝင်း (၂၇)နှစ်တို့ ၂ ဦးသည် နေအိမ်၌အတူရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ဦးရောက်ရှိလာပြီး နေအိမ်အတွင်းဝင်ရောက်ကာ ၎င်းတို့ ၂ ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားပြီး သရက်ခုံကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ အင်ကြာဇင်ကျေးရွာအနီး (ဒေသအခေါ်) မောင်းသွန်းကုန်းတံတားအနီးအရောက်၌ ဆင်တုံတရားမဲ့စွာဖြင့် အကြောင်းမဲ့ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိပြီး တိုင်းရင်းသားပြည်သူ လူထု တစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့ များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်းရရှိသည်။