Skip to main content

သတင်းထုတ်ပြန်ချက် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပုဂံမြို့၌ လက်ခံကျင်းပ

၄-၇-၂၀၂၂ ရက်၊ နေပြည်တော်

(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊ နံနက်ပိုင်းတွင် ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

အစည်းအဝေးကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆွန်ခွန်၊ လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆလမ်မုဆေ ကိုမာဆစ်၊ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဝီနိုင်းနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဗူရီသိုင်စွန်းတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအား သုံးသပ်ခြင်းနှင့် အနာဂတ်လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်း၊ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရေးနည်းလမ်းများအပေါ် အမြင်ချင်းဖလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားခဲ့ရာတွင် ယခုကျင်းပသည့် အစည်းအဝေး၏ခေါင်းစဉ်မှာ “စည်းလုံးညီညွတ်မှုမှသည် ငြိမ်းချမ်းရေး နှင့် သာယာဝပြောမှုဆီသို့” (Solidarity for Peace and Prosperity) ဖြစ်သည်နှင့်အညီ လက်ရှိနှင့် အနာဂတ်စိန်ခေါ်မှုများကို စည်းလုံးညီညွတ်မှုအခြေခံသည့် စုပေါင်းအားဖြင့် ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သတွင်း ကျန်းမာရေးလုံခြုံမှုကဏ္ဍတွင် ကိုဗစ်-၁၉ အပါအဝင် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ နှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုများ အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် ဦးစားပေးပူးပေါင်းဆောင်ရွက် သွားရန်နှင့် လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ထိရောက်စွာတုန့်ပြန်နိုင်မည်ဟု ယူဆသည့်အတွက် တရုတ်နိုင်ငံ၏ “ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်” (Global Development Initiative)ကို ကြိုဆိုထောက်ခံပါကြောင်း ပြောကြားခဲ့ပါသည်။ ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုမရှိလျှင် ဒေသတွင်ဖွံ့ ဖြိုးတိုးတက်မှု ရရှိနိုင်မည်မဟုတ်သည့် အတွက် တရုတ်နိုင်ငံ၏ “ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးလုပ်ငန်းစဉ် (Global Security Initiative)”ကို ထောက်ခံပါကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအောက်၌ သမားရိုး ကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လက်နက်မှောင်ခို တိုက်ဖျက်ရေး စသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းရည်တိုးမြှင့်ရေးအတွက် “မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်" ထူထောင်ရန်ကိုလည်း ကြိုဆိုကြောင်း ဆွေးနွေးခဲ့သည်။

ရေအရင်းအမြစ်၊ စိုက်ပျိုးရေး၊ စက်မှုကုန်ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်မှု၊ လျှပ်စစ်ဓါတ် အားထုတ်လုပ်မှုနှင့် ပြည်ဖြိုးမြဲစွမ်းအင် အပါအဝင် အခြားပူးပေါင်း ဆောင်ရွက်မှုကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများကိုလည်း ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးခဲ့ ပါသည်။

ပူးတွဲဥက္ကဋ္ဌ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကမိန့်ခွန်း ပြောကြားရာတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက်ဦးဆောင်မှုကို တိုးမြှင့်သွားရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားရေး၊ စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရေး၊ အစိမ်းရောင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ဆောင်ရွက်သွားရေး၊ ဒစ်ဂျစ်တယ်ဆန်းသစ် တီထွင်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်သွားရေးတို့အပေါ် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ တရုတ်နိုင်ငံမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ရာ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အာကာသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် လူစွမ်းအားအရင်းအမြစ် မြှင့်တင်ရေး လုပ်ငန်းစဉ်များ ပါဝင်ခဲ့သည်။

မဲခေါင်နိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးများကလည်း မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု မူဘောင်အောက်မှ ဆက်လက်ဆောင်ရွက်သွားသင့်သည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးမှ ပူးတွဲကြေညာချက် (Joint Press Communique) ထုတ်ပြန်ခဲ့ပြီး၊ အကောက်အခွန်၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ပြည်သူများအကြား အပြန်အလှန်သင်ယူမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကဏ္ဍများအတွက် သီးခြားထုတ်ပြန်ချက်(၄)ခုကို ထုတ်ပြန်ခဲ့သည်။

အစည်းအဝေးအပြီးတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမြေနေရာ အတွင်း၌ တည်ဆောက်ထားသည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်း ရေးအဖွဲ့ (မြန်မာ) အဆောက်အဦဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ရာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများအားလုံး တက်ရောက်ခဲ့သည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် မြန်မာနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးများသည် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ပြီး အစည်းအဝေးရလာဒ်များအားရှင်းလင်းခဲ့သည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများအား အထောက်အကူပြုရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများပါဝင်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်