နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
ဆက်လက်ပြီး အပိုင်း(၂) အထွေထွေအကြောင်းအရာများဖြစ်သည့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စက်သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် နိုင်ငံတကာချေးငွေကဏ္ဍများကို ပြောကြားလိုကြောင်း၊ ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး လက်ရှိအခြေအနေတွင် ၂၀၂၂-၂၀၂၃ အခြေခံပညာသင်နှစ်ကို ဇွန် ၂ ရက်မှစပြီး စတင်ဖွင့်လှစ် လျက်ရှိကြောင်း၊ ကျောင်းတက်ရောက်ရမည့် စာရင်းရှိ ကျောင်းသားဦးရေ၏ ၉၄ ဒသမ ၀၃ ရာခိုင်နှုန်း ကျောင်းတက်ရောက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးက ကျောင်းအပ်နှံ တက်ရောက်မှုအများဆုံးဖြစ်ပြီး ကယားပြည်နယ်မှာ အနည်းဆုံးဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၅ ဒသမ ၃ သန်းကျော် ကျောင်းအပ်နှံ တက်ရောက်ခဲ့သည့်အတွက် ယခင်နှစ်ကထက် လေးသန်းနီးပါး ကျောင်းပိုမိုတက်ရောက်လျက်ရှိသည်ကို ပြောလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပညာကိုလိုလားသည့် ကျောင်းသား ကျောင်းသူများ၊ ပူးပေါင်းဆောင်ရွက်သည့် မိဘပြည်သူများကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း ပြောကြားလိုကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းအနေဖြင့် ကျောင်းတွင်း/ပြင်ပ ၂၈၁၇၅၁ ဦး ဖြေဆိုခဲ့ရာတွင် ၁၃၂၀၇၇ ဦး ( တစ်သိန်းသုံးသောင်းကျော်)အောင်မြင်မှုရှိကြောင်း၊ အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း၊ စာမေးပွဲများကို စံချိန်စံညွှန်း စည်းကမ်းများအတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအနေနှင့် အခက်အခဲများကြားမှ ပညာကို လိုလိုလားလား သင်ယူကြိုးစားခဲ့သောကြောင့် အောင်ချက်ကောင်းမွန်ကြောင်း တွေ့ရကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် အသိအမှတ်ပြု ဂုဏ်ယူရပါကြောင်း။
နောက်ဆုံးတစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးရန် စီစဉ်ထား
အဆိုပါပညာသင်နှစ်တွင် အခက်အခဲများကြားမှ ကျောင်းတက်ရခြင်း၊ ဖြေဆိုရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၊ အခြားလုံခြုံရေးပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကြုံတွေ့ရခြင်း၊ ဆရာ ဆရာမများကိုလည်း အသက်အန္တရာယ် ရှာသည်အထိ PDF အမည်ခံ အကြမ်းဖက်သမားများက နှောင့်ယှက်ခဲ့ခြင်းများလည်းရှိကြောင်း၊ ထိုသို့သော အခက်အခဲကြားမှ ကျောင်းတက် ဖြေဆိုရသူများကို နိုင်ငံတော်အကြီးအကဲက အသိအမှတ်ပြုကြောင်း၊ ထို့ကြောင့်လည်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဝင်ရောက် ဖြေဆိုနိုင်ခြင်းမရှိသည့် ကျောင်းသား ကျောင်းသူများအတွက် ၂၀၂၃ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးရန် စီစဉ်ထားကြောင်း ပြောလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ် ကလေးတိုင်းကို KG+9 အခြေခံပညာ အလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ KG+9 ပြီးဆုံးသည့်အခါ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားသည့် ကျောင်းများကို ဆက်လက်တက်ရောက်နိုင်ပြီး လုပ်ငန်းခွင် ဝင်ရောက်နိုင်မည် ဖြစ်သကဲ့သို့ သတ်မှတ် အရည်အချင်း ပြည့်မီလျှင်လည်း အဆင့်မြင့်ပညာရပ်များကို သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားမှုအနေဖြင့် ၂၀၂၂ ခုနှစ် မေ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်များအတွက် ဘွဲ့ကြိုသင်တန်းများနှင့် ပါရဂူသင်တန်းများ အပါအဝင် ဘွဲ့လွန်သင်တန်းများအားလုံးကို တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၄၉ ကျောင်းတွင် ဖွင့်လှစ်ခဲ့ရာ စာရင်းရှိ ၂၉၉၅၁၃ ဦး (နှစ်သိန်း ကိုးသောင်းကျော်)၊ ကျောင်းအပ်နှံမှု ၂၄၆၅၃၁ ဦး (နှစ်သိန်းလေးသောင်းကျော်ရှိပြီး ၇၂၆၆၀ ဦး (ခုနစ်သောင်း နှစ်ထောင်ကျော်) ကျောင်းတက်ရောက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လအတွင်းတွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်လာကြသည့်သူများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဝေးသင်သင်တန်းများရှိသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ၄၁ ကျောင်း၌ အဝေးသင်သင်တန်းများကို ပုံမှန်နေ့သင်တန်းများနှင့်အတူ တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့ကြောင်း၊ အဝေးသင်သင်တန်း အသီးသီးတွင် အနီးကပ်သင်တန်းများ ပို့ချခဲ့ပြီးနောက် စာမေးပွဲများ စစ်ဆေးခဲ့ရာ စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား ကျောင်းသူဦးရေ ၂၄၃၉၉ ဦး (နှစ်သောင်းလေးထောင်ကျော်)ရှိပြီး အဝေးသင်အောင် စာရင်းများကို မကြာမီ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း၊၊
ကျောင်းသား ကျောင်းသူများကို ပြန်လည်ဖိတ်ခေါ်
ယခင်စာသင်နှစ်များတွင် ကျောင်းအပ်မှတ်ပုံတင်ရန် ကျန်ရှိနေသည့် နှစ်ချို့ကျောင်းသား ကျောင်းသူများနှင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်လာပြီး ၂၀၂၂ ပညာသင်နှစ် အဝေးသင်ပထမနှစ်သင်တန်းများကို တက်ရောက်ခွင့် ရရှိထားကြသူများ အားလုံးကိုလည်း ၃၁-၇-၂၀၂၂ ရက်အထိ သက်ဆိုင်ရာ ကျောင်းများတွင် ကျောင်းဝင်မှတ်ပုံတင်ရန်နှင့် စာစဉ်များ တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများ၊ ပြည်တွင်းက မလုံခြုံသည့် နေရာများ၌ ရောက်ရှိနေပြီး ရိုးသားစွာ ကျောင်းပြန်တက်လိုသည့် ကျောင်းသား ကျောင်းသူများကိုလည်း ပညာရေးကို ဆက်လက်လုပ်ဆောင်နိုင်ရေး မိမိတို့အစိုးရက ပြန်လည်ဖိတ်ခေါ်ကြောင်း၊ ကြေညာချက်များလည်း ထုတ်ထားကြောင်း၊ ပညာခေတ်တွင် ပညာရှိမှ ဘဝလှမည် ဖြစ်သည်ဆိုသည်ကို စေတနာထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဖြတ်တောက်ထားနိုင်
ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ပြောကြားလိုကြောင်း၊ ယခုရက်သတ္တတစ်ပတ်အတွင်း တစ်နေ့လျှင် ပျမ်းမျှဓာတ်ခွဲနမူနာပေါင်း ၄၇၅၆ ခု စစ်ဆေးနိုင်ခဲ့ပြီး တစ်နေ့ပျမ်းမျှလူနာ ၁၁ ဦး ဖြစ်သည့်အတွက် ပိုးတွေ့နှုန်းသည် ၀ ဒသမ ၂၂ ရာခိုင်နှုန်းသာရှိကြောင်း၊ ပြည်တွင်းကူးစက်မှု၊ တွေ့ရှိမှုက အနည်းငယ်သာရှိကြောင်း၊ ပြည်ပမှ ပြန်လာသူများ တွေ့ရှိမှုကများကြောင်း၊ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်၏ စုစည်းထားသည့် အချက်အလက်များအရ ၂၀၂၂ ခုနှစ် ဇွန် ၂၇ ရက်တွင် မြန်မာနိုင်ငံ၏လူဦးရေ တစ်သန်းအနက် ဓာတ်ခွဲအတည်ပြု လူနာဦးရေ တစ်ဦးအောက် (၀ ဒသမ ၁၉) ရာခိုင်နှုန်းသာ တွေ့ရှိရသည့်အတွက် မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဖြတ်တောက်ထားနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း၊ ပြန်လည်ကောင်းမွန်လာမှု (Recovery)အနေနှင့် သုတေသနတွေ့ရှိချက်များအရ ၉၇ ရာခိုင်နှုန်းမှ ၉၉ ဒသမ ၇၅ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံ၌ ၉၉ ဒသမ ၇၃ ရာခိုင်နှုန်းရှိသည့်အတွက် အခြားနိုင်ငံများနည်းတူ ပြန်လည်ကောင်းမွန်လာသည့် နှုန်းရှိကြောင်း၊ သို့သော် လူနာသစ်နှင့် သေဆုံးသူများ တွေ့ရှိရမှုသည် ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံများ၌ မြင့်မားနေလျက်ရှိကြောင်း တွေ့ရကြောင်း၊ ဒေသတွင်းနိုင်ငံအချို့ဖြစ်သည့် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်တို့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနည်းငယ် မြင့်တက်နေသေးကြောင်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပေါ့ဆ၍မရသေးကြောင်းကို ပြောလိုပါကြောင်း ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် ဇွန် ၂၇ ရက်အထိ လူဦးရေစုစုပေါင်း ၃၅၂၆၈၂၁၈ ဦး (၃၅ သန်းကျော်)ကို ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အသက် ၁၈ နှစ်နှင့်အထက်လူဦးရေ၏ ၉၄ ဒသမ ၃ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးလွှမ်းခြုံမှု ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများနှင့် အသက် ငါးနှစ်မှ ၁၈ နှစ်အတွင်း အခြေခံပညာ ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့်အထက်ရှိသည့် မိဘပြည်သူများကို ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဝန်ကြီးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်ပြီး ကာကွယ်ဆေးကို မပျက်မကွက် ခံယူကြရန် တိုက်တွန်းနှိုးဆော်ထားရှိကြောင်း ပြောကြားသည်။
စက်သုံးဆီနှင့်စားသုံးဆီကိစ္စရပ်များ
ဆက်လက်ပြီး စက်သုံးဆီနှင့်စားသုံးဆီကိစ္စရပ်များကို ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံ၌ ယခင်ကတည်းက ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်လာခဲ့သည့်အတွက် မိမိတို့အစိုးရ စတင်တာဝန်ယူစဉ်ကပင် သွင်းကုန်များလျှော့ချ၍ ပြည်တွင်းထုတ်ကုန်များ ဦးစားပေး ဆောင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှုပိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအနေနှင့် စတင်တာဝန်ယူချိန်ကစပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်းစီးပွားရေးကို အဓိကဦးစားပေး လုပ်ဆောင်ခြင်း၊ စားသုံးဆီနှင့် စက်သုံးဆီများ ခြိုးခြံချွေတာမှုအစီအစဉ်များ ပြုလုပ်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုပိုငွေများရရှိသည့် အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် မျှော်မှန်းသလောက် မရှိခဲ့ကြောင်း၊ သွင်းကုန်/ ထုတ်ကုန်များသည်လည်း ပုံမှန်နှစ်များထက် နည်းပါးခဲ့ကြောင်း၊
ထိုသို့သော အခက်အခဲများကြားမှ အစိုးရအနေဖြင့် ဝင်ငွေများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ သွင်းကုန်များဖြစ်သည့် စက်သုံးဆီ ချွေတာသုံးစွဲမှုနှင့် စားသုံးဆီများ လျှော့ချသုံးစွဲနိုင်မည်ဆိုလျှင် ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်မည် ဖြစ်သကဲ့သို့ နိုင်ငံခြားငွေ သုံးစွဲမှုသည်လည်း လျော့ကျလာမည်ဖြစ်ကြောင်း။
လူတစ်ဦးချင်းသည် ကျန်းမာရေးနှင့် ညီညွတ်မှုအရ တွက်ချက်လျှင် တစ်ရက်စားသုံးဆီ ၂ ဒသမ ၂၅ ကျပ်သားအထိသာ စားသုံးရမည်ဖြစ်ကြောင်း၊ ထိုနှုန်းနှင့် တစ်နိုင်ငံလုံးအတွက် ဆီလိုအပ်ချက်ကို ခန့်မှန်းတွက်ချက်ခဲ့ရာ နိုင်ငံ၏ဆီထွက်ရှိမှုနှင့် လုံလောက်မှုမရှိသည့်အပြင် နေ့စဉ်တစ်ဦးချင်း ဆီစားသုံးမှု မြင့်မားနေသည်ကိုလည်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဆီစားသုံးမှုလျှော့ချရန်လိုသကဲ့သို့ စားသုံးဆီထုတ်လုပ်မှု တိုးတက်ရေးလည်း လိုအပ်မည်ဖြစ်သဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၌ ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်သည့် မြေသယံဇာတများများစွာရှိကြောင်း၊ စိုက်ပျိုးမြေကို အပြည့်အဝ အသုံးချစိုက်ပျိုးခြင်း၊ စိုက်ဧကအားလုံးတွင် သီးထပ်သီးညှပ် စိုက်ပျိုးရေးများဖြင့် စိုက်ပျိုးပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အထွက်နှုန်းများ ပိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ဈေးကွက်အခြေအနေအရ စားသုံးဆီနှင့်ပတ်သက်ပြီး ဈေးနှုန်းမြင့်တက်ခြင်းများရှိသော်လည်း အစိုးရအနေဖြင့် လုံးဝပြတ်လပ်ခြင်းမရှိအောင် စီမံဆောင်ရွက်လျက်ရှိကြောင်း။
လုံလောက်သည့် စက်သုံးဆီပမာဏတစ်ရပ် သိုလှောင်ထား
စက်သုံးဆီအနေဖြင့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကဏ္ဍတွင် နိုင်ငံတော်အနေနှင့် Supply Chain တစ်ခုလုံးကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေးကို အထောက်အကူဖြစ်စေရန် နိုင်ငံတော်အရန်ဆီများကိုပါ သိုလှောင်ထားရှိထားသည် ဖြစ်သည့်အတွက် နိုင်ငံတော်၏ စက်သုံးဆီ လိုအပ်ချက်ကို ပုံမှန်ဖြည့်ဆည်းပေး၊ ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း လုံလောက်သည့် စက်သုံးဆီ ပမာဏတစ်ရပ်ကို သိုလှောင်ထားရှိကြောင်း ဦးစွာအသိပေး တင်ပြလိုကြောင်း။
နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် ဆောင်ရွက်သည့်နေရာတွင် ပြည်တွင်းသို့စက်သုံးဆီ တင်သွင်းမှုများကို စနစ်တကျ စိစစ်ခွင့်ပြုပေးနေရသည့်အပြင် နိုင်ငံတော်အနေနှင့် စက်သုံးဆီဖြန့်ဖြူးမှု ကွင်းဆက်တစ်ခုလုံး ဟန်ချက်ညီစေရေး ထိန်းညှိဆောင်ရွက်နေရသည့်အတွက် အချို့သောဒေသများ၌ ယာယီအားဖြင့် Supply-Demand မမျှတမှုမျိုးဖြစ်ပေါ်နိုင်သော်လည်း ယင်းအခက်အခဲများ လျော့ပါးရန်အတွက် Importer ကုမ္ပဏီများနှင့် လက်လီဆိုင်များအကြား လိုအပ်သည့် ညှိနှိုင်းဖြေရှင်းမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊၊
ထိုသို့စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း ကဏ္ဍတစ်ရပ်လုံးကို ထိရောက်စွာ ထိန်းကျောင်းကိုင်တွယ် ဆောင်ရွက်နိုင်ရန်အတွက်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ ဇွန်လအတွင်း၌ စက်သုံးဆီအမယ်မျိုးစုံ တင်ဆောင်လာသည့် သင်္ဘော ၁၇ စီးခန့် ရောက်ရှိခဲ့ပြီးဖြစ်သဖြင့် ပြည်တွင်းသုံးစက်သုံးဆီ လုံလောက်မှုရှိသည့်အပြင် အရန်စက်သုံးဆီပါ သိုလှောင်ထားရှိကြောင်း ပြောကြားလိုကြောင်း၊၊
ဖြန့်ဖြူးမှုအပိုင်းအနေနှင့် သီလဝါသိုလှောင်ကန်စခန်းတွင် OSS အဖွဲ့ကို ဖွဲ့စည်းထားရှိကာ စက်သုံးဆီ လက်လီအရောင်းဆိုင်များကို အဓိကထားပြီး စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း၊ ထို့ပြင် အခြားလုပ်ငန်းသုံးများအတွက် စက်သုံးဆီလိုအပ်ချက်များကိုလည်း ဦးစားပေးအစီအစဉ်အတိုင်း လက်ကားဖြန့်ဖြူး ပေးလျက်ရှိကြောင်း၊ ယင်းသို့ဖြန့်ဖြူးရောင်းချမှုမှာ ကော်မတီက နေ့စဉ်ထုတ်ပြန်ပေးထားသည့် လက်လီ/လက်ကား ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချပေးနေခြင်းဖြစ်ကြောင်း ပြောကြား၍ ၃၀-၆-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ လက်ရှိစက်သုံးဆီဈေးနှုန်းများကို Power Point တွင် ရှင်းလင်းပြသသည်။
ပြည်တွင်း ပြည်ပချေးငွေများ
ဆက်လက်ပြီး ပြည်တွင်းပြည်ပ ချေးငွေများအကြောင်း ပြောမည်ဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပချေးငွေရယူမှုအနေနှင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ပြည်တွင်းချေးငွေပေါင်း ငွေကျပ်ဘီလီယံ ၁၆၉၆၃ ဒသမ ၇၄၆ (တစ်သောင်းခြောက်ထောင်ကျော် ဘီလီယံ)နှင့် ပြည်ပချေးငွေပေါင်း ငွေကျပ်ဘီလီယံ ၅၂၈၁ ဒသမ ၂၂၆ (ငါးထောင်ကျော်) စုစုပေါင်း ငွေကျပ်ဘီလီယံ ၂၂၂၄၄ ဒသမ ၉၇၂ (နှစ်သောင်း နှစ်ထောင်ကျော်) ရှိကြောင်း၊၊
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ပြည်တွင်းကြွေးမြီ လက်ကျန်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုလာကြောင်း၊ ယင်းသို့ပိုမိုလာခြင်းသည် နှစ်စဉ်ပြည်ထောင်စုဘတ်ဂျက်တွင် လိုငွေများ တိုးတက်ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်ပြီး အစိုးရငွေတိုက်လက်မှတ်များ ဈေးပြိုင်စနစ်နှင့်ရောင်းချရာတွင် ရွေးယူရမည့်ပမာဏထက် ပိုမိုရောင်းချရခြင်း၊ အစိုးရငွေတိုက်စာချုပ်များ ဈေးပြိုင်စနစ်နှင့် ရောင်းချရာတွင် ယင်းဘဏ္ဍာရေးနှစ်အတွင်း ဈေးပြိုင်စနစ်မတိုင်မီ ရောင်းချခဲ့သည့် ငွေတိုက်စာချုပ်များနှင့် ဈေးပြိုင်စနစ်နှင့်ရောင်းချခဲ့သည့် သက်တမ်းစေ့ရောက်သော ငွေတိုက်စာချုပ်များကို ပြန်လည်ရွေးနုတ်ရသည့် ပမာဏထက် ပိုမိုရောင်းချရခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေချေးယူခြင်း၏ ဖြည့်ဆည်းခဲ့ရသည့်ပမာဏ များပြားလာခြင်းများကြောင့် ဖြစ်ကြောင်း၊၊
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (ပထမလေးလ) ကာလအထိ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ တိုးတက်ခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထက်ဝက်ခန့် ကျဆင်းသွားခဲ့ကြောင်း၊ ယင်းသည် ထိုအချိန်တုန်းက လွှတ်တော်၌ တရားဝင်တင်ပြခဲ့သည့် စာရင်းများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိပြောကြားလိုသည်မှာ စီးပွားရေး ကျသည်ဆိုခြင်းမှာ ထိုအချိန်ကတည်းက စတင်ကျဆင်းနေခြင်းဖြစ်ကြောင်း၊ နှစ်အလိုက်ရငွေ၊ သုံးငွေနှင့် ပိုငွေလိုငွေသည်လည်း နှစ်စဉ်လိုငွေဖြစ်ပေါ်ခဲ့သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လိုငွေအများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်ခဲ့သည့် လိုငွေများကို အစိုးရငွေတိုက်လက်မှတ်များ၊ အစိုးရငွေတိုက်စာချုပ်များ ရောင်းချဖြည့်ဆည်းခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေချေးယူခြင်းတို့နှင့် ဆောင်ရွက်ခဲ့ရသည်ကို တွေ့ရကြောင်း၊ အကျိုးဆက်အနေနှင့် ပြည်ပကြွေးမြီနှင့် ပြည်တွင်းကြွေးမြီ လက်ကျန်များ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာခြင်းကြောင့် ရေရှည်တွင် ကြွေးမြီခံနိုင်ရည်ရှိမှုကို သုံးသပ်တွက်ချက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊၊
မိမိတို့အစိုးရအနေနှင့် ပါဝါပွိုင့်တွင်ပြထားသည့် ချေးငွေများကို နှစ်စဉ်အတိုးအရင်း ဒေါ်လာသန်း ၇၀၀ ခန့် ပေးဆပ်နေရကြောင်း၊ ထိုသို့ကျဆင်းနေသည့် စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန်ကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ပြည်တွင်းထုတ်ကုန်များနှင့် ပြည်တွင်းစီးပွားရေးကို အားမပေးဘဲ သွင်းကုန်ကိုသာ အဓိကထားခဲ့သည့် မူဝါဒအမှားကြောင့် ယခုကဲ့သို့စီးပွားရေး ကျဆင်းနေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေနှင့် စီးပွားရေး မြှင့်တင်မှုဆောင်ရွက်ရာတွင် ပြည်တွင်းထုတ်ကုန်နှင့် စီးပွားရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ အဓိကထုတ်ကုန်ဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို ပိုမိုထုတ်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ လုပ်သွားရမည်ဖြစ်ကြောင်း၊ ရရှိထားသည့် မြေ၊ ရေနှင့် လူသားအရင်းအမြစ်များကို စွမ်းအားမြှင့်တင်ပြီး အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။
NUG၊ PDF တို့၏ အကြမ်းဖက်ဆိုင်ရာကိစ္စရပ်များ
ဆက်လက်ပြီး တတိယအချက်အနေဖြင့် NUG၊ PDF တို့၏ အကြမ်းဖက်ဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်စပ်မှုများကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ လက်ရှိ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG အဖွဲ့အမည်သည် မြန်မာလို အမျိုးသားညီညွတ်ရေးအစိုးရဟု ခေါ်ကြောင်း၊ ညီညွတ်သည်မှာ နှစ်ခုသာရှိကြောင်း၊ ပထမဆုံး ညီညွတ်သည်မှာ ပြည်ပကို ပြေးခြင်းဖြစ်ကြောင်း၊ ရရှိထားသည့် သတင်းများအရ တစ်ယောက်၊ နှစ်ယောက်မှအပ ဘယ်သူမှ ပြည်တွင်း၌ မကျန်ပါကြောင်း၊ တစ်ယောက်၊ နှစ်ယောက်ဆိုသည်မှာလည်း ၎င်းတို့ ပြောနေကျစကားဖြစ်သည့် “ဓာတ်ပုံရိုက်ချင် ပြည်တွင်းဝင်၊ ရိုက်ပြီးပြန်ထွက် တစ်မနက်” ခရီးဆိုသည့်နိုင်ငံဘက်၌ နေကြခြင်းဖြစ်ကြောင်း၊ နောက်ထပ် ညီညွတ်သည်မှာ အလှူခံခြင်းသာဖြစ်ကြောင်း၊ ထိုနှစ်ခုမှအပ မညီညွတ်သဖြင့် အချင်းချင်းအပြန်အလှန် သတ်ဖြတ်နေခဲ့ခြင်းများ ရှိကြောင်း၊ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိမိပြောခဲ့သည့် KNPP က သတ်ခဲ့သည့် ဆင်မကြီးဆိုသည့်ပုဂ္ဂိုလ် ကိစ္စအား ယခုအချိန်အထိ ပြောဆိုနေကြခြင်းရှိပါကြောင်း၊ စစ်ကိုင်းတိုင်းက ဗိုလ်သံမဏိဆိုသည့်ပုဂ္ဂိုလ် သတ်ဖြတ်ခဲ့သည်မှာ မည်သည့်အဖွဲ့များပါလဲ၊ ယခုလတ်တလောဖြစ်နေသည့် အပြန်အလှန်ဖမ်းကြ၊ စစ်ကြ၊ သတ်ကြ ဖြစ်နေသည့်အဖွဲ့များက မည်သည့်အဖွဲ့များလဲဆိုသည်ကို စဉ်းစားကြည့်စေလိုပါကြောင်း။
၎င်းတို့ အချင်းချင်းကြားတွင် ငါတို့က ပကဖ၊ မင်းတို့က PDF ၊ ငါတို့က NUG နှင့် ချိတ်ဆက်ထားတာ စသည်ဖြင့် ဖြစ်နေကြကြောင်း၊ ငါတို့က လွတ်လွတ်လပ်လပ်တိုက်တာ စသည့် အချက်အလက်များကိုလည်း ကြားသိမြင်တွေ့နေကြမည် ထင်ပါကြောင်း ပြောကြားပြီး ယင်းတို့နှင့်ပတ်သက်၍ ထိုအဖွဲ့များအချင်းချင်း ပြောကြားထားကြသည့် ဗီဒီယိုဖိုင်များကို ပြသသည်။
ဓားပြတိုက်မှုများ ဆက်လက်ကျူးလွန်
အလှူငွေကိစ္စများတွင်လည်း အပြန်အလှန်စွပ်စွဲနေသည်မှာ မကြားချင်မှအဆုံးဖြစ်ကြောင်း၊ ထို့ပြင် အလှူငွေကောက်မရသည့်အခါ ဓားပြတိုက်မှုများ ဆက်လက် ကျူးလွန်နေမှုများရှိကြောင်း၊ လွန်ခဲ့သည့် ခြောက်လ ခုနစ်လက EAO အဖွဲ့ခေါင်းဆောင်တစ်ယောက် ပြောကြားခဲ့ဖူးသည့် “PDF အဖွဲ့များသည် ဓားပြသာသာ ဖြစ်သွားနိုင်သည်” ဆိုသည့် စကားရှိကြောင်း၊ ထိုစကားသည် အတွေ့အကြုံအရ ပြောသည့်စကားဖြစ်ကြောင်း၊ လက်တွေ့တွင် ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဇွန် ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲကို ဓားပြတိုက်ခဲ့သည့် ဖြစ်စဉ်ကို သတိရမည်ဖြစ်ကြောင်း၊ ယင်းဓားပြတိုက်မှုကို သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းဖော်ထုတ်မှု လျင်လျင်မြန်မြန် ပြုလုပ်ခဲ့ကြောင်း၊ အံ့ဩစရာကောင်းသည်မှာ ယင်းဓားပြအဖွဲ့သည် PDF အဖွဲ့ဖြစ်နေကြောင်း၊ ရတနာပုံတော်လှန်ရေးအမည်ခံ အကြမ်းဖက်အဖွဲ့သည် ကမ္ဘောဇဘဏ်ခွဲ(၉)ကို ဝင်ရောက်ပြီး ဘဏ်ဝန်ထမ်းများကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ် ၄၄၉ သိန်းကို ဓားပြတိုက်ယူဆောင်သွားခဲ့သည်ကို တွေ့ရကြောင်း ပြောကြား၍ ဓားပြတိုက်မှုဖြစ်စဉ် ဗီဒီယိုဖိုင်ကို ပြသသည်။
ယင်းဖြစ်စဉ်မှ PDF အဖွဲ့ခေါင်းဆောင်မှာ ဆရာစွမ်းဆိုသည့် ထက်ရှိုင်းဇော်ဖြစ်ပြီး အင်အား ၂၅ ဦးနှင့် ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းကို ဖမ်းဆီးခဲ့စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ဖမ်းဆီးရာ ဓားပြတိုက်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့်အတူ အသေဖမ်းဆီး ရမိခဲ့ကြောင်း၊ ၎င်းသည် PDF အဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၁၈ ခုနှစ်ခန့်က တပ်သားအဆင့်ဖြင့် တပ်ပြေးမှုကျူးလွန်ထားသည့် စစ်ပြေးတစ်ယောက်လည်း ဖြစ်ကြောင်း၊ ဓားပြတစ်ယောက်လည်း ဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟူ၍ အမည်ခံသည့် ပြည်သူကို ဓားပြတိုက်သည့် အဖွဲ့ဖြစ်ကြောင်း၊ မည်သည့်ပြည်သူများကို ကာကွယ်နေသနည်းဟု မေးခွန်းထုတ်လိုကြောင်း၊ ထိုကဲ့သို့သော PDF အဖွဲ့များလည်း ရှိနေကြောင်း၊ ယင်း PDF ခေါင်းဆောင်သေသည့်အခါ အခြားPDF အဖွဲ့ခေါင်းဆောင်များ၊ NUG နှင့်ဆက်စပ်နေသူများက သူရဲကောင်းတစ်ယောက်သဖွယ် ရေးခဲ့၊ ပြောခဲ့၊ Post များတင်ခဲ့သည်များကို တွေ့ရှိရကြောင်း၊ ယင်းအဖွဲ့များသည် “ပုလင်းတူဘူးဆို့” ဓားပြအားပေးများဆိုသည်မှာ ထင်ရှားကြောင်း ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)