အားလုံးမင်္ဂလာပါ
ဒီနေ့ကျင်းပတဲ့ ၂၀၂၂ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
ယနေ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့ဟာ မြန်မာနိုင်ငံဒေသအသီးသီးမှာ နေထိုင်ကြတဲ့ မြန်မာအမျိုးသမီးများအားလုံးအတွက် ထူးခြားလေးနက်တဲ့ မြန်မာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဒီလိုနေ့ထူးနေ့မြတ်ဖြစ်တဲ့ မြန်မာအမျိုးသမီးများနေ့မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား ကျွန်တော့်အနေနဲ့ရော မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။
အမျိုးသမီးများနေ့နဲ့ ပတ်သက်လို့ ၂၀၂၂ ခုနှစ်၊ မတ်လ (၈)ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို “စဉ်ဆက်မပြတ် တိုးတက်ဖို့၊ ကျား၊ မ တန်းတူညီမျှစို့” (Gender equality today for a sustainable tomorrow) ဆောင်ပုဒ်နဲ့အညီ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံမှာလည်း ကျင်းပခဲ့ပါတယ်။
ဒါကတော့ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်နိုင်မှုတွေကို ဂရုပြုအာရုံစိုက်မိလာစေဖို့နဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အလေးထား အကောင်အထည်ဖော်နိုင်ကြစေဖို့ ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ကမ္ဘာနဲ့အဝန်း ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း မြန်မာအမျိုးသမီးများနေ့ ပေါ်ပေါက်လာတာက ၁၉၉၅ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့မှာကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံကနေ စတင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။
အဲဒီညီလာခံကချမှတ်ခဲ့တဲ့ ဘေဂျင်းကြေညာစာတမ်းအရ နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများအားလုံး အမျိုးသားများနဲ့တန်းတူ ကဏ္ဍစုံ လုပ်ငန်းနယ်ပယ်အသီးသီးမှာ တန်းတူညီမျှ ပါဝင်ခွင့်ရရှိစေဖို့နဲ့ အမျိုးသမီးများရဲ့ စွမ်းဆောင်ရည် မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား မ တန်းတူညီမျှရေး၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုများကနေ တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ နိုင်ငံအဆင့် ဦးစီးဦးဆောင် လှုပ်ရှားဖော်ဆောင်နိုင်မယ့် အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီလို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခဲ့တဲ့ ဇူလိုင်လ (၃)ရက်နေ့ကို နိုင်ငံတော်က မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာ့သမိုင်းစဉ်တစ်လျှောက်ကို ပြန်ကြည့်ရင် ကိုလိုနီခေတ် လွတ်လပ်ရေးကြိုးပမ်းမှု ကာလများမှာ အမျိုးသားများနှင့် ရင်ပေါင်တန်း တိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသမီး သူရဲကောင်းများစွာ ရှိခဲ့ကြသလို ခေတ်အဆက်ဆက်မှာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များနဲ့ အသိပညာ အတတ်ပညာ အနုပညာဆိုင်ရာ နယ်ပယ်များမှာ ထူးချွန်ထက်မြက်တဲ့ မြန်မာအမျိုးသမီးများ ပေါ်ထွက်ခဲ့ပါတယ်။
နယ်ပယ်စုံ၊ ကဏ္ဍစုံတွေမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် မြင့်မားလာနေတာကို တွေ့မြင်နေရပြီး မျက်မှောက်ကာလမှာလည်း မြန်မာအမျိုးသမီးများဟာ အမျိုးသားများနဲ့ ရင်ပေါင်တန်းကာ နယ်ပယ်အသီးသီးမှာ ပါဝင်လျက်ရှိကြပါတယ်။ ခေတ်အဆက်ဆက်မှာ ထူးချွန်ထက်မြက်တဲ့ မြန်မာအမျိုးသမီးများဟာ နိုင်ငံနဲ့လူမျိုးအတွက် ကြိုးပမ်းကြတဲ့နေရာမှာ လွတ်လပ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ ပါဝင်တာဝန် ထမ်းဆောင်ခဲ့ကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်စုတစ်ခုရဲ့ ပဲ့ကိုင်ရှင်တွေဖြစ်သလို နိုင်ငံတော်ရဲ့ အင်အားစုတစ်ရပ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော်ဟာ အမျိုးသမီးများ ဖြစ်တဲ့အတွက် အဲဒီလိုပိုမိုမြင့်တက်တဲ့ အမျိုးသမီးထုရဲ့အင်အားကို နိုင်ငံတော်ကို အကျိုးပြုနိုင်မယ့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် မြှင့်တင်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်ပြီး ကြီးမားတဲ့အင်အားကို ရရှိမှာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာအမျိုးသမီးများရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေဖို့ မြန်မာအမျိုးသမီးများရဲ့ စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြု အလေးထားဂုဏ်ပြုတဲ့အနေနဲ့ အခုလို “မြန်မာအမျိုး သမီးများနေ့” ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနား နှစ်စဉ် ကျင်းပပေးနေတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊ မ တန်းတူညီမျှရေးနဲ့ အမျိုးသမီးအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် ၁၉၇၉ ခုနှစ်မှာ ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (Convention on the Elimination of All forms of Discrimination Against Women-CEDAW) နဲ့ ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂက ချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) စတဲ့ နိုင်ငံတကာ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ အကောင်အထည်ဖော်ပေးလျက် ရှိပါတယ်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် အာဆီယံအမျိုးသမီးကော်မတီ (ASEAN Committee on Women–ACW) နဲ့ အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ASEAN Commission on the Promotion and Protection of the Rights of Women and Children-ACWC) အာဆီယံငြိမ်းချမ်းရေး မှတ်ပုံတင် အမျိုးသမီးကိုယ်စားလှယ် (ASEAN Women for Peace Registry - AWPR) စတာတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လုံးဝလက်မခံတဲ့ မူဝါဒကို လက်ကိုင်ထား ဆောင်ရွက်လျက်ရှိပါတယ်။ အလားတူ နိုင်ငံတော်က ဆောင်ရွက်လျက်ရှိတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြယုဂ်တစ်ခုအနေနဲ့ ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique on Prevention and Response to Conflict Related Sexual Violence) ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ ပါဝင်လက်မှတ် ရေးထိုးထားပါတယ်။
ပူးတွဲကြေညာချက်အရ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂) ကို ရေးဆွဲထားရှိပြီး ၁၀-၁၁-၂၀၂၁ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဖြစ်ပေါ်တိုးတက်မှုဆိုင်ရာ အချက်အလက်များကို ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ တားဆီးကာကွယ်ရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရုံးသို့ ပေးပို့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု စံလုပ်ငန်းလမ်းညွှန်(SOP)နဲ့အညီ ဆက်စပ်ဝန်ကြီးဌာနများနဲ့ ချိတ်ဆက်ဆောင်ရွက် ပေးနေသလို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ဖို့၊ အကြမ်းဖက်မှု ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)ကို ရေးဆွဲထားရှိပြီး ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် အမျိုးသမီးများအရေးကို ပိုမိုကာကွယ် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ချမှတ်ထားတဲ့ မူဝါဒ (၄)ရပ်၊ လုပ်ငန်းတာဝန် (၇)ရပ်နဲ့အညီ ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းထားရှိပြီး အမျိုးသမီးများအား နည်းမျိုးစုံနဲ့ ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း CEDAW ပါ ကတိကဝတ်များနဲ့ အကြံပြုသုံးသပ်ချက်များ၊ ဘေဂျင်းလုပ်ငန်း စီမံချက်ပါ ဦးစားပေးနယ်ပယ် (၁၂)ရပ်နဲ့အညီ ရေးဆွဲထားတဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)တို့ကို အကောင်အထည်ဖော်ရာမှာ ကော်မတီအနေနဲ့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အဲဒီမဟာဗျူဟာစီမံကိန်းအနေနဲ့ အခု ၂၀၂၂ ခုနှစ်မှာ စီမံကိန်းကာလ ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် စီမံကိန်းအလွန်မှာ စီမံကိန်းရဲ့ အားသာချက်၊ အားနည်းချက်များအပေါ် လေ့လာသုံးသပ်ထားပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(Phase II)ကို ဆက်လက်ရေးဆွဲနိုင်ရေး ဆက်စပ်ဝန်ကြီးဌာနများနဲ့ အဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း မှာကြားလိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂက ချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံအတွက် ၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် ရေးဆွဲထားတဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP)၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan- CERP) တို့ကို ရေးဆွဲအကောင်အထည်ဖော်မှုတွေဟာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပြုနေပြီး ကျား၊ မ တန်းတူညီမျှမှု ရရှိရေးနဲ့ အမျိုးသမီးများနဲ့ ငယ်ရွယ်သူအမျိုးသမီးများအားလုံး စွမ်းပကား တိုးမြှင့်စေရေးဆိုတဲ့ ရှုထောင့်တွေကို ချန်လှပ်ထားမှုမရှိဘဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားလိုပါတယ်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်မှုဟာ ပိုမိုများပြားလာတာ တွေ့ရပါတယ်။ မြန်မာ့တပ်မတော်မှာ ကြည်း၊ ရေ၊ လေ အမျိုးသမီး ဗိုလ်လောင်းများ မွေးထုတ်ထားပြီး အမျိုးသားများနဲ့တန်းတူ ရင်ပေါင်တန်း တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်မှာ တပ်မတော် ဆေးတက္ကသိုလ်အတွက် အမျိုးသမီးဗိုလ်လောင်းများကိုလည်း ခေါ်ယူလေ့ကျင့် သင်ကြားပေးရန် စီစဉ်လျက်ရှိပါတယ်။ အလားတူ နိုင်ငံတော်လုံခြုံရေးအတွက်လည်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ အမျိုးသမီးရဲတပ်ဖွဲ့ဝင်များကလည်း အမျိုးသားများနှင့်တန်းတူ ရင်ပေါင်တန်း ဆောင်ရွက်လျက်ရှိပါတယ်။
ဒါကြောင့် မြန်မာအမျိုးသမီးများနေ့ရောက်တိုင်း ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ထူးချွန်အမျိုးသမီးများကို နှစ်စဉ်ဆုချီးမြှင့်ပေးတဲ့ အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိတာ တွေ့ရပါတယ်။
နိုင်ငံတော်အဆင့် ဦးစားပေးကဏ္ဍများဖြစ်တဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှု လျော့နည်းပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်စွမ်းအား မြင့်မားစေရေးတို့အတွက် အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားနိုင်ဖို့အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုရေး အဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း အသိပေး မှာကြားလိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်မှာ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမဟာဗျူဟာစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဘဝသက်တမ်း အဆင့်ဆင့်ချဉ်းကပ်ပုံ (Life Cycle Approach)မှာ ကိုယ်ဝန်ဆောင်ခြင်း၊ မီးမဖွားမီ စောင့်ရှောက်ခြင်း၊ ကလေးမီးဖွားခြင်းနဲ့ မီးဖွားပြီး စောင့်ရှောက်ခြင်းတို့ကို အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ထည့်သွင်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီအစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်များနဲ့ ၎င်းတို့က မွေးဖွားလာတဲ့ ကလေးတွေ အသက်(၂)နှစ်အထိ အာဟာရပိုင်းဆိုင်ရာဖွံ့ဖြိုးစေရန် ငွေကြေးထောက်ပံ့မှုတွေကို နိုင်ငံရဲ့ဒေသတချို့မှာ ပံ့ပိုးပေးလျက်ရှိပါတယ်။ အဲဒီအစီအစဉ်ဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို အပိုဆောင်း အာဟာရအဖြစ် ထောက်ပံ့တာဖြစ်သလို အနာဂတ် မျိုးဆက်သစ် ကလေးတွေအတွက်လည်း ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးဖို့ ရင်းနှီးမြှုပ်နှံတာပဲ ဖြစ်ပါတယ်။ ဒီအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးများအား လိုအပ်ချက်ပေါ်မူတည်ပြီး ထောက်ပံ့ပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း အနှစ်ချုပ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ သမားရိုးကျ အိမ်ထောင်စုလူဦးရေ ၅၁.၁ သန်းမှာ အမျိုးသား ၄၆.၈ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၃.၂ ရာခိုင်နှုန်း ပါဝင်တာ တွေ့ရှိရပါတယ်။
အစီရင်ခံစာပါအချက်အလက်တွေအရ အမျိုးသမီးများရဲ့ ပညာရေးဆိုင်ရာ ဆန်းစစ်ကြည့်မယ်ဆိုရင် ကျောင်းတက်ရောက်မှုနှင့် ပတ်သက်လို့ မြို့ပြနှင့်ကျေးလက်ကြား ကွာဟမှုများပြားနေတာကိုလည်း တွေ့ရပါတယ်။ မြို့ပြမှာ အသက် ၅ နှစ်အထက် လူဦးရေ ၁၀၀မှာ ၅ ဦးသာ ကျောင်းမတက်သော်လည်း ကျေးလက်တွင် ၉ ဦး ကျောင်းမတက်သည်ကို တွေ့ရပါတယ်။ ကျား၊ မ အချိုးနဲ့ကြည့်ရင် မိန်းကလေးငယ်များအတွက် လူဦးရေ ၁၀၀ မှာ မြို့ပြဒေသမှာ ၆ ဦး ခန့်ရှိပြီး ကျေးလက်ဒေသမှာ ၁၁ ဦးထိရှိကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် အသက် ၁၅ နှစ်နှင့်အထက် အမျိုးသမီးစာတတ်မြောက်မှုနှုန်းမှာ ၈၆.၃ ရာခိုင်နှုန်းရှိပြီး အမျိုးသားစာတတ်မြောက်မှုနှုန်းမှာ ၉၂.၄ ရာခိုင်နှုန်းထိရှိကြောင်း တွေ့ရှိရပါတယ်။
အဲဒီအတွက်ကြောင့် အမျိုးသမီးများကို ခေတ်မီပညာရေး သင်ကြားရာမှာ အားပေးဖို့လိုသလို တစ်ဖက်ကလည်း အိမ်တွင်းမှု လုပ်ငန်းများအပါအဝင် အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုလည်း တိုးမြှင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း တိုးတက်အောင် ဆောင်ရွက်ပေးဖို့လိုပါတယ်။
ဒါနဲ့တစ်ဆက်တည်းမှာပဲ မိခင်များဖြစ်ကြတဲ့ အမျိုးသမီးများအနေနဲ့ မိမိတို့ရဲ့ သားသမီးများ၊ လူငယ်လူရွယ်များကို လိမ္မာရေးခြားရှိစေဖို့နဲ့ လူတော်လူကောင်း၊ အဖိုးတန် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြဖို့ လိုအပ်ပါတယ်။ ဒီနေ့ဒီအချိန်မှာ နိုင်ငံရဲ့အနာဂတ်မှာ အားကိုးနိုင်မယ့် ဗလငါးတန်ပြည့်ဝတဲ့ လူငယ်များဖြစ်လာအောင် လေ့ကျင့်ပြုစုပေးရေးဟာ မိဘများနဲ့ ကျောင်းဆရာ/ ဆရာမများရဲ့ တာဝန်ဝတ္တရားတစ်ရပ်အဖြစ် အလေးထား ဆောင်ရွက်နိုင်ကြဖို့ကိုလည်း အခါအခွင့်သင့်တုန်း မှာကြားလိုပါတယ်။
သားသမီးဝတ္တရားကျေတဲ့ သားသမီးများဖြစ်လာရေး၊ တပည့်ဝတ်ကျေပွန်တဲ့ ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာရေးကို မိဘများက မိဘဝတ္တရားများနဲ့အညီ ဆရာ၊ ဆရာမများက ဆရာ့ဝတ္တရားများနဲ့အညီ သွန်သင်ဆုံးမ ပြုပြင်ပေးကြဖို့ အလေးအနက်ထား တိုက်တွန်းမှာကြားလိုပါတယ်။
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ဖို့အတွက် ကျေးလက်နေအမျိုးသမီးများရဲ့ ဝင်ငွေရ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ အရှိန်မပျက် ပုံမှန်ရရှိစေရေး၊ ကိုဗစ်ကြောင့် ရပ်ဆိုင်းသွားရတဲ့ အငယ်စားစီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ဖို့နဲ့ ဝင်ငွေမရှိသေးတဲ့ အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးဆောင်ရွက်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်တဲ့ ရှေ့ပြေးလုပ်ငန်းစီမံချက်ကို ရေးဆွဲပြီး အကောင်အထည်ဖော်ရေး ဆောင်ရွက်ကြဖို့ကိုလည်း အလေးထား ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။
အခုအခါ စီးပွားရေး ပြန်လည်ထူထောင်နိုင်ဖို့ ကြိုးပမ်းနေကြရာမှာ ထိခိုက်ခံရဆုံးဖြစ်တဲ့ အမျိုးသမီးများအတွက် အမျိုးသမီးများရဲ့ အထူးလိုအပ်ချက်များနဲ့ အခန်းကဏ္ဍများကို ထည့်သွင်းစဉ်းစားပြီး သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများက စီမံကိန်းများ၊ စီမံချက်များ၊ လုပ်ငန်းအစီအစဉ်များမှာ ထည့်သွင်းရေးဆွဲဖို့နဲ့ အကောင်အထည် ဖော်ရာတွင်လည်း အမျိုးသမီးများရဲ့စွမ်းရည်ကို ထိထိရောက်ရောက် အသုံးချပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
၂၀၂၂ ခုနှစ်၊ မတ်လ (၈)ရက်နေ့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ရဲ့ “စဉ်ဆက်မပြတ်တိုးတက်ဖို့၊ ကျား၊ မ တန်းတူညီမျှစို့” ဆိုတဲ့ ဆောင်ပုဒ်ကလည်း (၂၁)ရာစု စိန်ခေါ်မှုတွေဖြစ်တဲ့ ရာသီဥတုဆိုင်ရာ အကျပ်အတည်းတွေ၊ ဘေးအန္တရာယ်ဖြစ်ပွားမှုတွေကို လျှော့ချနိုင်ဖို့အတွက် ကျား၊ မ တန်းတူညီမျှမှုကို ပိုမိုထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း မီးမောင်းထိုးပြထားတာကို သတိထားကြရမှာ ဖြစ်ပါတယ်။
စဉ်ဆက်မပြတ် တိုးတက်ပြီး ကျား၊ မ တန်းတူညီမျှတဲ့ အနာဂတ်ကို ဖော်ဆောင်ရာမှာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒါ့ကြောင့် ကျား၊ မ ရေးရာ တန်းတူညီမျှမှုနဲ့ ကျေးလက်မြို့ပြ ကွာဟချက်နည်းပြီး ညီတူညီမျှ ဖွံ့ဖြိုးတိုးတက်ကာ အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားလာနိုင်စေမယ့် လူမှုကာကွယ် စောင့်ရှောက်ရေးစနစ်များ၊ လူမှုရေးရာ ဝန်ဆောင်မှုများနဲ့ လုပ်ထုံးလုပ်နည်း ယန္တရားတွေကို ဖော်ထုတ်ကာ ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။
လက်ရှိကာလမှာ နိုင်ငံတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးနဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ပေါ်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ မြန်မာအမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အဓိကဦးစားပေး လုပ်ငန်းနယ်ပယ်များဖြစ်တဲ့ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့ရေးရာတွင် ပါဝင်မှု၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်များအပေါ်မှာ အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးစတဲ့ လုပ်ငန်းနယ်ပယ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျား၊ မ တန်းတူညီမျှမှုရှိဖို့နဲ့ မြန်မာအမျိုးသမီးများရဲ့ အခွင့်အရေးတွေကို ပိုမိုမြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် နိုင်ငံတော်အနေနဲ့ ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို အမျိုးသမီးထုကြီးနဲ့ အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားရင်းနဲ့ ယနေ့မြန်မာ အမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးထုကြီး တစ်ရပ်လုံးသာမက မြန်မာနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ရောဂါဘယဘေးအပေါင်းကလည်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။