Skip to main content

ဥကရစ်ထနယ်မြေအတွင်း အကြမ်းဖက်သမားများ ခိုအောင်းအခြေချနေထိုင်မှု မရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇူလိုင်

ဥကရစ်ထစခန်းအား KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်း အသုံးပြု၍ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း အဆိုပါစခန်းမှ တပ်မတော်သားများအနေဖြင့် မြေပြင်ပစ်ကူနှင့် လေကြောင်းပစ်ကူများရယူ၍ ရွပ်ရွပ်ချွံချွံ မဆုတ်မနစ် ကြံ့ကြံ့ခိုင်သောစိတ်ဓာတ်ဖြင့် အသက်ကို ပဓာနမထားဘဲ ခုခံတိုက်ခိုက်ခဲ့မှု၊ စစ်ကူစစ်ကြောင်းများအနေဖြင့်လည်း ရာသီဥတုနှင့် အခြားသော မြေအနေအထား ကန့်သတ်ချက်များကြားမှ ဥကရစ်ထစခန်းရှိ တပ်မတော်သားများနှင့် တပ်ချင်းချိတ်ဆက် ပူးပေါင်းကာ ဥကရစ်ထစခန်းနှင့် ပတ်ဝန်းကျင်တစ်ဝိုက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုကို ဇူလိုင် ၂ ရက်တွင် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ထိုသို့အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့ရာတွင် အချိန်အခက်အခဲကြောင့် မှတ်တမ်းဓာတ်ပုံများ၊ အထောက်အထားများ ပြည့်စုံစွာ ဖော်ပြနိုင်ခြင်း မရှိခဲ့သဖြင့် အဆိုပါ စစ်ကူ၊ စစ်ကြောင်းများနှင့် ဥကရစ်ထစခန်းမှ တပ်မတော်သားများ တပ်ချင်းချိတ်ဆက် ပူးပေါင်းနိုင်မှု မှတ်တမ်းဓာတ်ပုံများကို ထပ်မံဖော်ပြပါသည်။

ထို့ပြင် ဥကရစ်ထစခန်း အနီးပတ်ဝန်းကျင်တစ်ဝိုက်အား နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင်လည်း KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် ပူးပေါင်းအဖွဲ့အနေဖြင့် ဥကရစ်ထစခန်းကို လာရောက်တိုက်ခိုက်ခဲ့စဉ် စေတီပုထိုးများ၊ ဘာသာရေးအဆောက်အဦများနှင့် လူနေအဆောက်အဦများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့သည့် နေရာများကိုလည်း တွေ့ရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဥကရစ်ထနယ်မြေအတွင်း အကြမ်းဖက်သမားများ ခိုအောင်းအခြေချနေထိုင်မှု မရှိစေရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်