နေပြည်တော် ဇူလိုင် ၂
မြိတ်မြို့နယ်နှင့် မူဆယ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်၃၀ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် BOC လမ်းတွင် မင်းထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် မြိတ်မြို့အလယ်ကျွန်းရပ်ကွက်နေ စိတ်ကြွရူးသွပ်ဆေးပြားများ အရောင်းအဝယ်ပြုလုပ်သူ ဇော်ဝင်း ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ ယင်းနေ့ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ် ကလွင်ကျေးရွာနေ ဝင်းနိုင်လင်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရညနေ ၅ နာရီခွဲတွင် မြိတ်မြို့ ကန်ကြီးရပ်ကွက်နေ စိုးကိုကို (ခ) ခေါင်းကြီး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀၊ ဆေးခြောက် သုည ဒသမ ၁ ကီလိုနှင့် ဝါးပြောင်းဆေးရှူကိရိယာ တစ်ခုတို့ကိုလည်းကောင်း၊ ထို့အတူ ဇူလိုင်၁ရက်မွန်းလွဲ ၁နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့ကောင်း မူးတုံရပ်ကွက် မြို့ပတ်လမ်းတွင်ခွန်အောင် (ခ) မာအောင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်