Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ပထမဆုံးသင်္ဘောကျင်းဖြစ်သည့် ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန သမိုင်းအကျဉ်း၊ ဌာန၏ရည်မှန်းချက်များ၊ ဌာနများအလိုက် ဖွဲ့စည်းထားရှိမှုနှင့် ဝန်ထမ်းများခန့်အပ်ထားရှိမှု အခြေအနေများ၊ ဌာနခွဲများအလိုက် ရေယာဉ်များထားရှိမှုနှင့်နှင့် ရေယာဉ်များ ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ သင်္ဘောကျင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရေယာဉ်များလွန်းတင်၍ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ဘဏ္ဍာရေးနှစ်အလိုက် ရေယာဉ်များ တည်ဆောက်နိုင်မှု၊ ပြင်ပပုဂ္ဂလိကရေယာဉ်များ ပြုပြင်မှုမှ ဝင်ငွေရရှိမှု၊ နိုင်ငံတစ်ဝှမ်းရှိ ဌာနခွဲများအလိုက် ရေယာဉ်များ ပြေးဆွဲနိုင်မှု အခြေအနေများကိုလည်းကောင်း။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးအောင်က မြန်မာနိုင်ငံရှိ သင်္ဘောကျင်းများအနက် ရှေးအကျဆုံးဖြစ်သည့် ဒလသင်္ဘောကျင်း၏ သမိုင်းမှတ်တမ်းများ၊ ခေတ်အဆက်ဆက် သင်္ဘောများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခဲ့မှု၊ ဒလသင်္ဘောကျင်းမှ တာဝန်ယူဆောင်ရွက်ထားသည့် လုပ်ငန်းတာဝန်များ၊ ဌာနများဖွဲ့စည်းထားရှိမှုနှင့် ဝန်ထမ်းများခန့်အပ်ထားရှိမှု၊ လွန်းကျင်းများအလိုက် သင်္ဘောများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊ ရေယာဉ်များ အသစ်တည်ဆောက်ခဲ့မှုနှင့် လာမည့်ဘဏ္ဍာနှစ်များတွင် ရေယာဉ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊ ရည်မှန်းချက်တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်အတွက် ပို့ဆောင်ရေးကဏ္ဍတွင် ရေကြောင်းပို့ဆောင်ရေးသည် ငွေကုန်ကြေးကျမှု အသက်သာဆုံးနှင့် ကုန်စည်များစွာကို အမြန်ဆုံး ရွှေ့ပြောင်းပေးနိုင်သည့် ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ မြစ်ချောင်းများ များစွာသွယ်တန်းလျက်ရှိနေသည့်အတွက် သွားလာမှုနှင့် ပို့ဆောင်ရေးပိုင်းတွင် ရေကြောင်းပို့ဆောင်ရေးသည် အကောင်းဆုံးလမ်းကြောင်းအဖြစ် ရှိသော်လည်း စနစ်တကျဆောင်ရွက်ခဲ့ခြင်းမရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့ကြောင်း၊ ထို့ကြောင့် ရေကြောင်းပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရမှ ဆောင်ရွက်ရန်လိုသကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းများကိုလည်း အားပေးရန်လိုကြောင်း၊ ရေလမ်းကြောင်းများကောင်းမွန်ရန်၊ ဆိပ်ကမ်းများကောင်းမွန်ရန်နှင့် သင်္ဘောများ ကောင်းမွန်ရန်လိုကြောင်း၊ ဆိပ်ကမ်းများတွင် ခရီးသည်များ ခေတ္တနားနေရန်၊ ကုန်စည်များ ပို့ဆောင်ရေးအတွက် လိုအပ်သည့် ယာဉ်ရပ်နားရန်နေရာများနှင့် ကုန်ပစ္စည်းများထားရှိနိုင်သည့် နေရာများလည်းလိုအပ်ကြောင်း၊ ပြည်သူများမှ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများအပေါ် ယုံကြည်မှုများရှိလာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်ကျစရိတ် သက်သာသည့် ရေကြောင်းပို့ဆောင်ရေးစနစ်ကို ကောင်းမွန်တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း၊ အရေးမကြီးသည့်ကုန်ကြမ်းပစ္စည်းများကို ရေလမ်းကြောင်းများမှ ပို့ဆောင်နိုင်ရေးအတွက် အသိပညာပေးမှုများ ဆောင်ရွက်ရန်လိုကြောင်း။

ပြည်တွင်း ပို့ဆောင်ရေးလုပ်ငန်းများသည် ယခင်က အောင်မြင်မှုရှိခဲ့သော်လည်း ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများနှင့် မှောင်ခိုလုပ်ငန်းများ ဆောင်ရွက်မှုများကြောင့် နိုင်ငံပိုင်ပို့ဆောင်ရေးလုပ်ငန်းကို များစွာထိခိုက်စေခဲ့ကြောင်း၊ သက်တမ်းကြာသည့် ယန္တရားများ၊ သင်္ဘောများကို ပြုပြင်ထိန်းသိမ်းနိုင်မှု အားနည်းခြင်းများကြောင့် နိုင်ငံပိုင် ပြည်တွင်းပို့ဆောင်ရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သဖြင့် သက်တမ်းအလိုက်၊ နှစ်အလိုက် ပြုပြင်ထိန်းသိမ်းမွမ်းမံရမည်များကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံပိုင်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများ အောင်မြင်တိုးတက်မှုရှိစေရေးအတွက် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုကို မှန်မှန်ကန်ကန်ဖြင့် တိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများအလိုက် ချီးမြှင့်ထိုက်သူကို ဆုချီးမြှင့်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းအားနည်းချက်ရှိသူများကိုလည်း အားနည်းချက်များအလိုက် အရေးယူဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများအလိုက် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန်လိုကြောင်း၊ လုပ်ငန်းများအတွက် လိုအပ်သည့်စက်ယန္တရားများ ကြံ့ခိုင်ကောင်းမွန်စေရေး အမြဲမပြတ်ဆောင်ရွက်ရန်လိုကြောင်း။

မိမိတို့နိုင်ငံ၏ ရေကြောင်းပို့ဆောင်ရေးတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ဦးဆောင်သည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် ရပ်တည်နိုင်ရန်လိုကြောင်း၊ တစ်ဖက်မှလည်း ပုဂ္ဂလိကရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ရေကြောင်းပို့ဆောင်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန်လိုကြောင်း၊ မော်တော်ယာဉ်များဖြင့် ကုန်ပစ္စည်းများကိုတင်ဆောင်၍ ၎င်းမှတစ်ဆင့် ရေကြောင်းပို့ဆောင်ရေးကို အသုံးပြု၍ ဆောင်ရွက်သည့် ကမ်းရိုးတန်းပို့ဆောင်ရေးစနစ်ကိုလည်း အကျိုးရှိစွာအသုံးချရန် လိုအပ်ကြောင်း၊ မြစ်ဝကျွန်းပေါ်၊ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင် စသည့် မြစ်ကြီးများကို ရေကြောင်းပို့ဆောင်ရေးတွင် အကျိုးရှိအောင် အသုံးချရန်လိုကြောင်း။

ဒလသင်္ဘောကျင်းသည် သမိုင်းရှိသည့် သင်္ဘောကျင်းတစ်ခုဖြစ်သည့်အတွက် သင်္ဘောကျင်းအတွက်လိုအပ်သည့် အင်ဂျင်နီယာများ ဖြည့်ဆည်းဆောင်ရွက်ရန်လိုကြောင်း၊ သင်္ဘောများကို ခေတ်နှင့်လျော်ညီစွာ တည်ဆောက်နိုင်ရန်လိုကြောင်း၊ သင်္ဘောတည်ဆောက်ရေးနှင့်ပတ်သက်၍ မိတ်ဖက်သင်္ဘောကျင်းများတွင်လည်း လေ့လာဆောင်ရွက်၍ရကြောင်း၊ သင်္ဘောကျင်းအဆင့် မြှင့်တင်ရေးအတွက် ခေတ်မီတည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ နှစ်ပေါင်း ၁၅၀ ခန့်သက်တမ်းရှိ သမိုင်းဝင်သင်္ဘောကျင်းတစ်ခုဖြစ်သဖြင့် သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများကို များစွာအတွေ့အကြုံရှိပြီးဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများတွင် ဦးဆောင်မှုပြုနိုင်ရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် ရေကြောင်းပို့ဆောင်ရေးကို ယုံကြည်စွာဖြင့် အသုံးပြုလာမည်ဆိုပါက တစ်နိုင်ငံလုံး ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်လာနိုင်မည် ဖြစ်သဖြင့် တစ်နိုင်ငံလုံး ဆောင်ရွက်နိုင်သည့် စီးပွားရေးစနစ် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပို့ဆောင်ရေးကဏ္ဍမှ ဦးဆောင်၍ ဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒလသင်္ဘောကျင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အဆောက်အဦများ ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ သင်္ဘောတည်ဆောက်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ ပြန်လည်ဖြည့်တင်းဆောင်ရွက်ရန်၊ စက်ယန္တရားများ အပြည့်အဝ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ရန်တို့အား မှာကြားပြီး လက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။