Skip to main content

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်

နေပြည်တော် ဇူလိုင် ၁

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးရဲရင့်လွင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့မှ ကျောင်းသား၊ ကျောင်းသူများကိုယ်စား တာဝန်ခံအရာရှိများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ဂုဏ်ပြုချီးမြှင့်ခံရသည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင် မကြယ်စင်သန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဂုဏ်ထူးရရှိသူများမှာ မကြယ်စင်သန့် ခြောက်ဘာသာ၊ မအိန္ဒြေမြင့်မိုရ် ဦးငါးဘာသာ၊ မောင်ဟိန်းမင်းထက်၊ မထက်သီရိစိုးမိုး၊ မောင်ကျော် ဇင်ဟိန်းနှင့် မဆုရွှန်းတင်ဇာအောင် သုံးဘာသာ၊ မောင်ခန့်ထူးသူနှင့် မသက်မွန်ထူးအောင် နှစ်ဘာသာ၊ မောင်စိုင်းဟိန်းသန့်အောင်၊ မောင်ဟိဏ်းဝေယံမင်းနှင့် မောင်သော်ထက်နိုင် တစ်ဘာသာတို့ ဖြစ်ကြသည်။

အခမ်းအနား၌ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြု ဆုတံဆိပ်များနှင့် ရိုးရိုးအောင်မြင်သူ ငါးဦးကို တစ်ဦးလျှင် ကျပ်ငါးသောင်းစီ၊ ဂုဏ်ထူးရရှိသူများကို ဂုဏ်ထူးတစ်ခုလျှင် တစ်ဘာသာ ကျပ်တစ်သိန်းဖြင့် စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃၂၅၀၀၀၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်