နေပြည်တော် ဇူလိုင် ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဌာနပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်းက ဇေယျာသီရိမြို့နယ် အထက(၁) အားကစားခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်း အမှုထမ်းများနှင့် ဦးစီးဌာနအလိုက် နိုင်ငံ့ဝန်ထမ်း အမျိုးသားဘော်လီဘော အားကစားအသင်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက စက်မှုလယ်ယာ ဦးစီးဌာနကိုယ်စားပြု ဘော်လီဘောအသင်းနှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနကိုယ်စားပြု ဘော်လီဘောအသင်းတို့၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခြင်းကို ကြည့်ရှု အားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက တံခွန်စိုက်ဆုရရှိသည့် စက်မှုလယ်ယာ ဦးစီးဌာနကိုယ်စားပြု ဘော်လီဘော အသင်းကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးက ဒုတိယဆုရ စိုက်ပျိုးရေး သုတေသနဦးစီးဌာနကိုယ်စားပြု ဘော်လီဘော အသင်းကိုလည်းကောင်း၊ ကျန်ဆုများကို ဌာနဆိုင်ရာတာဝန်ရှိသူများက လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းများ၏ ကိုယ်စိတ်အပန်းပြေ ပျော်ရွှင်စေရေး၊ ဝန်ထမ်းတိုင်း မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်လက် လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ဌာနအချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာစေရေးအတွက် အားကစားနည်းများ အလိုက် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ အဆိုပါ အားကစားပွဲများမှ ထူးချွန် အားကစားသမားများကို ရွေးချယ်ပြီး လာမည့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်