နေပြည်တော် ဇူလိုင် ၁
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ နေပြည်တော်သတင်းစာတိုက် ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာန၏ ဌာနကြီးတစ်ခုဖြစ်သည့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် ၁၉၇၂ ခုနှစ်တွင် သတင်းနှင့်စာနယ်ဇင်း ကော်ပိုရေးရှင်း အဖြစ် ဖွဲ့စည်းထားရာမှ ၁၉၉၈ ခုနှစ် ဧပြီ ၁ ရက်တွင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့်အတွက် ယခုအခါ ၂၄ နှစ်တာကာလကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၄ နှစ် ပြည့်မြောက်သည့်ကာလတွင် ဘယ်လိုတိုးတက်မှုတွေ၊ အောင်မြင်မှုတွေရှိခဲ့သလဲ၊ ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိခဲ့သလဲ ဆိုတာတွေကို ပြန်လည် သုံးသပ်ကြည့်ရမှာဖြစ်သလို အနာဂတ်ကို ဘယ်လိုဆက်သွားရမယ် ဆိုတာတွေကို မျှော်တွေး လုပ်ကိုင်ကြရမှာ ဖြစ်ပါကြောင်း။
မီဒီယာသည် နိုင်ငံအတွက် များစွာ အရေးကြီးပါကြောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေဖြင့် နိုင်ငံအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ ပြည်သူကို ဝန်ဆောင်မှုများ ပေးလျက်ရှိရာ သွက်လက်ထက်မြက်မှု၊ နုပျိုသစ်လွင်မှုများနှင့် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ဆက်လက် ဖော်ဆောင်သွားစေလိုပါကြောင်း။
နှစ်ပေါင်း ဤမျှကြာမြင့်အောင် ထိန်းသိမ်း ဖြစ်တည်လာခဲ့သည့် ဌာနကြီးကို လက်ဆင့်ကမ်းပြီး အရည်အသွေး၊ အရည်အချင်း တိုးတက်မြင့်မားအောင် ဆောင်ရွက်လျက်ရှိသည့် ဌာနအကြီးအကဲများ၊ စာတည်းမှူးချုပ်များနှင့် စာတည်းအဖွဲ့ဝင်များ၊ သတင်းထောက်များ၊ ဝန်ထမ်းများအပါအဝင် ပြင်ပမှ ဝိုင်းဝန်းကူညီ အားဖြည့်ပေးသည့် စာရေးဆရာကြီးများ၊ ပြင်ပသတင်းထောက်များ၊ စာဖတ်ပရိသတ်များ၊ သတင်းစာ ကိုယ်စားလှယ်ကြီးများနှင့် အဘက်ဘက်မှ ဝိုင်းဝန်း ကူညီကြသူအားလုံးကို ကျေးဇူးတင်ရှိပါသည် ဂုဏ်ပြုပြောကြားလိုပါကြောင်း။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ယနေ့အချိန်အထိ နှစ်ပေါင်း ၂၄ နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ဆောင်ရွက်ခဲ့သည့် ကြိုးပမ်းအားထုတ်မှုအားလုံးကို ပြည်ထောင်စုဝန်ကြီး အနေဖြင့် အသိအမှတ်ပြုပါကြောင်း ပြောကြား သည်။
ထို့နောက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့အလင်း သတင်းစာတိုက်၊ ကြေးမုံသတင်းစာတိုက်နှင့် မြန်မာ့သတင်းစဉ်တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က Myanmar Digital News နှင့် ရုံးချုပ်(သတင်းဌာန) တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဆုရရှိသော ဌာနများအလိုက် ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အငြိမ်းစား စာတည်းမှူးချုပ်နှစ်ဦးက မုဒိတာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်