Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ သီတဂူစက္ခုဒါန ဆေးရုံဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ သီတဂူစက္ခုဒါန ဆေးရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံများ၏ အဓိပတိ ကျေးဇူးတော်ရှင် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇအဂ္ဂမဟာမင်္ဂလာဓမ္မဇောတိက (ရွှေကျင်နိကာယသံဃရာဇာ) ဒေါက်တာ အရှင်ဉာဏိဿရ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် အလှူရှင်များ တက်ရောက်သည်။

ရှေးဦးစွာ စက္ခုဒါနဆေးရုံဖွင့်ပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အလှူရှင်များ ကိုယ်စား အလှူရှင်တစ်ဦးက ဆေးရုံဆောက်လုပ် လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ အလှူရှင်ကိုယ်စားလှယ် တစ်ဦးနှင့် မြို့မိ/ မြို့ဖ ဦးလှဖေတို့က သီတဂူစက္ခုဒါန ဆေးရုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ သီတဂူ ဆရာတော်ကြီးနှင့် မြို့မိ/မြို့ဖ ဦးလှဖေတို့ကကမ္ပည်း မော်ကွန်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ယင်းနောက် သီတဂူဆရာတော်ကြီးက ဩဝါဒကထာမြွက်ကြားသည်။ ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒေသခံတိုင်းရင်းသား ပြည်သူများကိုယ်စား ဝမ်းမြောက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများက သီတဂူအဓိဋ္ဌာန် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ သီတဂူစက္ခူဒါနဆေးရုံ ရေစက်ချမင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ သီတဂူဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ အခမ်းအနားသို့ ကြွရောက်လာသည့် ဆရာတော်/ သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက အလှူငွေများကို ဆေးရုံမှ တာဝန်ရှိသူထံ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် ဆရာတော်/ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ နမောတဿသုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) မြို့နယ်များနှင့် ခန္တီးမြို့နယ်တို့မှ လာရောက်ပြသကြသော မျက်စိဝေဒနာရှင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးခဲ့ကာ မျက်စိ အထူးကုဆရာဝန်ကြီးများက အခမဲ့စမ်းသပ်၊ ခွဲစိတ်၊ ကုသဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုခဲ့ပြီး သီတဂူဆရာတော်ကြီးအား နေ့ဆွမ်း ဆက်ကပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်