နေပြည်တော် ဇူလိုင် ၁
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၁-၂၀၂၂ ခု ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုသည့်အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်တွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား၊သမီးများကို ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားဖြစ်ကြောင်း၊ မျိုးဆက်သစ်များအနေဖြင့် တိုးတက်ပြောင်းလဲမှုနှင့် အတတ်ပညာ၊ နည်းပညာသစ်များကို အမီလိုက်နိုင်ရန် အစဉ်ကြိုးစား အားထုတ်နေရမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းအတွက် ဘွဲ့လက်မှတ်တစ်ခု၊ Certificate တစ်ခုရရုံနှင့် ရောင့်ရဲမနေကြဘဲ Life Long Learning ဆိုသည့်အတိုင်း စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရန် မှာကြားလိုကြောင်း၊ ယနေ့ခေတ်လူငယ်များအနေဖြင့် IT နည်းပညာ၊ စီးပွားရေးပညာ၊ ဆေးပညာ၊ စက်မှုပညာ၊ ရေကြောင်းပညာ၊ လေကြောင်းပညာ စသည်ဖြင့် လေ့လာသင်ယူစရာ ပညာရပ်အများအပြား ရှိသည့်အနက် မိမိဝါသနာပါရာ အသက်မွေးဝမ်းကျောင်း အဆင့်မြင့်ပညာရပ်များကို ရွေးချယ် သင်ယူကြရန် တိုက်တွန်းလိုကြောင်း၊ သင်ကြားရသည့် အတတ်ပညာ ဘာသာရပ်အပေါ် ကိုယ်တိုင် စိတ်ပါဝင်စားမှသာလျှင် ယင်းပညာရပ်၌ ထူးချွန် ထက်မြက်သူများ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး(၅)ဘာသာဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက (၄)ဘာသာ ဂုဏ်ထူးရရှိသူများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာ ဂုဏ်ထူးရရှိသူများကို လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ကြပြီး ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင် မခင်သော်တာမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
၂၀၂၁-၂၀၂၂ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီး (၂၄၆)ဦး အောင်မြင်ခဲ့ပြီး၊ ၎င်းတို့အနက်မှ (၅)ဘာသာ ဂုဏ်ထူးရှင်(၄)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင်(၇)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၁၂)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၁၉)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၆၇)ဦး၊ စုစုပေါင်း (၁၀၉)ဦး ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုဖြင့် အောင်မြင်အောင်ဆောင်ရွက် ရရှိခဲ့သည့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ချီးမြှင့်ပေးအပ်သော Professional Engineer (PE) မှတ်ပုံတင်အင်ဂျင်နီယာ လက်မှတ်ရ အရာထမ်း(၂)ဦး၊ မြန်မာနိုင်ငံ စာရင်းအင်းကောင်စီမှ ကျင်းပသော Certified Public Accountant (CPA) Part II အောင်မြင်ခဲ့သည့် အရာထမ်း(၂)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)