နေပြည်တော် ဇူလိုင် ၁
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်တွင် ရုံးအမှတ်(၁)ရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။
ယနေ့ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသည် ရုံးပတ်ဝန်းကျင်နှင့် မိမိတို့ဝန်းကျင် စိမ်းလန်းသာယာလှပစေရန်၊ သစ်ပင်စိုက်ပျိုး ပြုစုထိန်းသိမ်းရေး လုပ်ငန်းများ၌ ဝန်ထမ်းများနှင့် ပြည်သူများ တက်ကြွစွာ ပါဝင်လာစေရန်၊ ရာသီဥတု သမမျှတ၍ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ ကောင်းမွန်စေရန် အဓိက ရည်ရွယ်ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အင်ကြင်းပျိုးပင်ကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က တောထန်းပင်ကို လည်းကောင်း စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သတ်မှတ် နေရာများတွင် စိုက်ပျိုးပေးကြသည်။
ယင်းနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီးတွင် စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးသည်။
ယနေ့ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် အင်ကြင်း၊ တောထန်း၊ ကံ့ကော်၊ ခရေ၊ ပင်မြင့်သဇင်၊ မုဆပ်ချယ်ရီပင်တို့ အပါအဝင် နှစ်ရှည်အရိပ်ရ လေကာပင်နှင့် ပန်းအလှပင် စုစုပေါင်း (၁၀၈)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)