အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာပရပ်ဆုတ်ခွန်းအား ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့၊ (၁၇:၂ဝ) နာရီအချိန်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးနှင့် အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းဆိုင်ရာ ပထမအဆင့် လုပ်ငန်းစဉ် အကောင်အထည်ဖော်ပြီးမြောက်မှု ဖြစ်ပေါ်တိုးတက်မှုများ၊ ဒုတိယအဆင့် အကောင်အထည်ဖော်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးစီမံခန့်ခွဲမှုမူဘောင် အကောင်အထည်ဖော်ခြင်းကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် အမှန်တကယ်လိုအပ်နေသူများအား ခွဲခြားမှုမရှိဘဲ မျှတစွာပေးအပ်သွားနိုင်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်၊ AHA Centre နှင့် လက်ရှိအာဆီယံ ဥက္ကဋ္ဌတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ထပ်လောင်း အတည်ပြုခဲ့ပါသည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
နေပြည်တော် ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်