Skip to main content

ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခန္တီးမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၃၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအေးလှိုင်နှင့်အတူ ဇွန် ၂၇ ရက် ညနေပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့ရောက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၂၈ ရက်နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၏ အကူအညီနှင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ခဲ့သည့် လဟယ်မြို့နယ်၊ လဟယ်-လောင်ကျန်းနောက်ကုန်းမြေလမ်း ၁၀ မိုင် ပြုပြင်ထိန်းသိမ်းခြင်း၊ Box Culvert ၁၀ စင်း၊ အဆိုပါလမ်းပေါ်ရှိ ပေ ၄၀ ဘေလီတံတား ၁ စင်းနှင့်ပေ ၂၀ ဘေလီတံတား ၁ စင်း၏ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းခွင်သို့ရောက်ရှိခဲ့ရာ ရှင်းလင်းဆောင်၌ တာဝန်ခံ အင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ထို့နောက် လဟယ် - နန်းယွန်းလမ်းပိုင်းနှင့် ဆက်စပ်၍ လမ်း/တံတား လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ဒေသခံ ပြည်သူများ ရာသီမ‌ရွေး သွားလာနိုင်ရန်၊ လိုအပ်သည့်နေရာများတွင် တံတားများ၊ Box Culvert များ ထည့်သွင်းတည်ဆောက်ရန်၊ အတက်/ အဆင်း မတ်စောက်သည့် လမ်းပိုင်းနေရာများအား ပြေပြစ်မှုရှိစေရန် လမ်းအူကြောင်းရှာဖွေ၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လဟယ်မြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာ ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးမှူး၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့၏ ကျောင်းအုပ်များက ရှင်းလင်းတင်ပြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍ အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများ၊ အိပ်ဆောင်၊ စားရိပ်သာ၊ တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး၍ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များထောက်ပံ့ပေးအပ်ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ၃ ထပ်ကျောင်းသား အိပ်ဆောင်တည်ဆောက်မည့် မြေနေရာနှင့် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ အစိုးရနည်းပညာ အထက်တန်းကျောင်း(လဟယ်) ဆောက်လုပ်နေမှုကို ကြည့်ရှုလေ့လာခဲ့ပြီး ညနေပိုင်းတွင် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်းများသို့ သွားရောက်၍ ကျောင်းထိုင်‌ ဆရာတော်အား ဖူးမြော်ကာ ဆန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုခန်းမ၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ နာဂဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှထောက်ပံ့လှူဒါန်းသည့် ဆန်အိတ် ၁၀၀၊ ဆိုလာ အစုံ ၁၀၀၊ ကျောင်းဝတ်စုံ ဖြူ/စိမ်း အစုံ ၃၀၀၊ ဗလာစာအုပ် ဒါဇင် ၃၀၀ တို့ကို တာဝန်ရှိသူ အသီးသီးတို့ထံပေးအပ်ခဲ့ရာ ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လဟယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လဟယ်မြို့နယ်၊ လေရှီးမြို့နယ်နှင့် ခန္တီးမြို့နယ်အား အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်စေရန်အတွက် မြို့နယ်ချင်းဆက် လမ်းများ လာမည့်ဘဏ္ဍာနှစ်များအတွင်း လျာထားဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇွန် ၃၀ ရက် နံနက်ပိုင်းတွင် ခန္တီးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ခန္တီးမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း အမှာစကားပြောကြား၍ ကျောင်းသုံးဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ခန္တီးမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)