နေပြည်တော် ဇွန် ၃၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့သို့သွားရောက်ကာ ခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် အဆင်ပြေစေရေးအတွက် ပြင်ဆင်ဆောင်ရွက်နေသည်များကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဂံမြို့၊ Bagan Information & Training Center သို့ ရောက်ရှိကာ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များကို ပြသဆောင်ရွက်မည့် Virtual Reality Tour ပြခန်းနှင့် ဝန်ဆောင်မှုပေးရန် ပြင်ဆင်ထားရှိမှုများကို ပုဂံရုံးခွဲတာဝန်ခံက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ ယင်းနောက် နန်းမြင့်မျှော်စင်သို့သွားရောက်ကာ နိုင်ငံတကာနှင့် ဒေသတွင်းအစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပြည်တွင်း/ ပြည်ပ ခရီးသွားများကို ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးလေဆိပ်၌ ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသော သတင်းပြန်ကြားရေးကောင်တာသို့ရောက်ရှိကာ ကောင်တာ၌တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို တွေ့ဆုံ၍ ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များကို ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် အဆင်သင့်ဖြစ်နေစေရေး ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Heritage Bagan ဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်အတွင်း ပြည်တွင်း/ ပြည်ပဧည့်သည်များကို စံချိန်စံညွှန်းများနှင့်အညီ ကောင်းမွန်စွာဝန်ဆောင်မှုပေးအပ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သီရိပစ္စယာ ဆာကူရာဟိုတယ်၌ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များမှ လုပ်ငန်းရှင်များနှင့်တာဝန်ရှိသူများကို တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ပြည်တွင်း/ ပြည်ပဧည့်သည်များ စိတ်ဝင်တစားလာရောက် လည်ပတ်သည့် ဒေသတစ်ခုဖြစ် ပါကြောင်း၊ ယင်းကိုအကြောင်းပြု၍ ဒေသတွင်းနှင့် နိုင်ငံတကာ အစည်းအဝေးများ၊ ကွန်ဖရင့်များ၊ ပြပွဲများနှင့် ဆွေးနွေးပွဲများကို ပြုလုပ်နိုင်ပါကြောင်း၊ ထို့အတွက် ခရီးသည်လာရောက်ရေးတစ်ခုတည်းကိုသာမက မိမိဘက်မှ ပြည့်စုံသည့် အစီအမံများကို နည်းလမ်းရှာကြံ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သောလုပ်ငန်း (၇) ရပ်မှ ဝန်ထမ်းများကို ကိုဗစ်-၁၉ ကပ်ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများမှာ မိမိတို့ကိုယ်တိုင် ယုံကြည်မှုရှိသကဲ့သို့ ဧည့်သည်များဘက်ကလည်း မိမိတို့အပေါ်ယုံကြည်မှုရှိအောင် ကိုဗစ်-၁၉ စည်းမျဉ်းများ နှင့်အညီ ဝန်ဆောင်မှုပြုရန် လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ခရီးသွား ဧည့်သည်များ၏ အကြံပြုချက်နှင့် တိုင်ကြားချက် မှတ်တမ်းစာအုပ်များကို အီလက်ထရောနစ်စနစ်ကိုအခြေခံ၍ QR Code များဖြင့် ဆောင်ရွက်ထားစေလိုပါကြောင်း၊ ပုဂံမြို့သို့ ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များဝင်ရောက်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)