နေပြည်တော် ဇွန် ၃၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ချောက်/လန်းရွာရေနံမြေ၊ ဖိုကုန်းဒေသတွင် ZJ 70L SR 1 တွင်းတူးစက်ဖြင့်တူးဖော်မည့် ပေနက်တွင်းအမှတ် CDT-15 တွင်းသစ်စတင်တူးဖော်ခြင်း အခမ်းအနားသို့ တက်ရောက်စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တွင်းသစ်စတင်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ရေနံမြေယာယီရှင်းလင်းဆောင်၌ ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာက ချောက်/လမ်းရွာရေနံမြေ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်သည် မရှိမဖြစ်လိုအပ်သဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကိုလည်း အကျိုးရှိထိရောက်စွာအသုံးချနိုင်ရေး ကြိုတင်စီမံထားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ လုံခြုံရေးကို အထူးအလေးထား ဂရုပြုကြရန် လိုအပ်ကြောင်း၊ တွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ကြရန်နှင့် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုပါကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ထားရန်လိုကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးကိုလည်း အလေးထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် CSR လုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် လိုပါကြောင်းနှင့် ရေနံမြေလုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့်မိမိလုပ်ငန်းအပေါ်သစ္စာရှိစွာဖြင့် ရိုးရိုးသားသားတာဝန်ထမ်းဆောင်ကြရန်ဖြစ်ကြောင်းမှာကြားပြီး ရေနံမြေဝန်ထမ်းများကို အမှတ်တရသစ်သီးခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောက်/လန်းရွာရေနံမြေရှိ ZJ 750 စက်ဖြင့်တူးဖော်လျက်ရှိသော တွင်းအမှတ် CHK-1236 ၏လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြား၍ အမှတ်တရသစ်သီးခြင်းနှင့် ဂုဏ်ပြုဆုငွေများကိုပေးအပ်သည်။
တွင်းအမှတ် CDT-15 ကို စွမ်းအင်ဝန်ကြီးဌာနပိုင် ZJ 70L SR 1 တွင်းတူးစက်ဖြင့် ရည်မှန်းအနက်ပေ ၇၈၀၀ အထိတူးဖော်သွားမည်ဖြစ်ပြီး အောင်မြင်စွာတူးဖော်ပြီးစီးပါက တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၁ ဒသမ ၅ သန်းခန့်ကိုလည်းကောင်း၊ တွင်းအမှတ် CHK-1236 ကို ZJ 750 တွင်းတူးစက်ဖြင့် ရည်မှန်းအနက်ပေ ၄၁၀၀ အထိတူးဖော်သွားမည်ဖြစ်ပြီး အောင်မြင်စွာတူးဖော်ပြီးစီးပါက တစ်နေ့လျှင် ရေနံစိမ်းစည် ၉၀ ခန့်ကိုလည်းကောင်း ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏စွမ်းအင်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)