Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သူများ ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနား တက်ရောက်

နေပြည်တော် ဇွန် ၃၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေ (၃) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တက္ကသိုလ်ဝင်တန်း၌ ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ခြင်းသည် ကျောင်းသား/ကျောင်းသူတို့၏ ဘဝအစ ပထမဆုံးခြေလှမ်းဖြစ်ကြောင်း၊ "အစကောင်းမှအနှောင်းသေချာ" ဆိုသည်အတွက် ဘဝအစတက်လမ်းမှ အခြေခံကောင်းမွန်ခိုင်မာစွာဖြင့် မိမိတို့၏ရည်ရွယ်ချက်ပန်းတိုင်ကို အရောက်သွားနိုင်ရန် ဆက်လက်ကြိုးစားကြစေလိုကြောင်း၊ ပညာရှာသည့်အရွယ်တွင် ပညာကိုသာ ဆည်းပူးလေ့လာပြီး မိဘ/ဆရာ သမားများ၏ သွန်သင်ဆုံးမမှုကို နာခံလိုစိတ်ရှိရန်လိုကြောင်း၊ နိုင်ငံတော်က အားကိုးရသော ကောင်းမြတ်သည့် ကိုယ်ကျင့်သိက္ခာ၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် "ပညာမြင့်မှ လူမျိုးတင့်မည်" ဆိုသည့်အတိုင်း ပညာတတ်သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးနိုင်ရေးအတွက် တက္ကသိုလ်ပညာရပ်များကို ဆုံးခန်းတိုင်အောင် သင်ယူလေ့လာမှတ်သားပြီး နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို သယ်ပိုးနိုင်မည့် ထူးချွန်ထက်မြက်သော လူရည်ချွန်/လူရည်မွန်များ ဖြစ်လာအောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းသား/သမီးများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဇနီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့်တာဝန်ရှိသူများမှ ဆုတံဆိပ်နှင့်ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၂)ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများရှိ သင်တန်းသား/ သင်တန်းသူများမှ (၂)ဘာသာ ဂုဏ်ထူးရှင်(၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၂)ဦး စုစုပေါင်း (၃၅)ဦးတို့အတွက် ဂုဏ်ထူး (၁)ခုလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် ချီးမြှင့်ငွေကျပ် ၅၇,၀၀,၀၀ဝိ/- (ကျပ်ငါးဆယ့်ခုနှစ်သိန်းတိတိ)ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ထို့နောက် ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများကိုယ်စား (၅) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မအိမ့်သက်ထားဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)