နေပြည်တော် ဇွန် ၃၀
ဇူလိုင် (၂) ရက်တွင် ကျရောက်မည့် နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘမ်ဘူးဝါး ကုန်ထုတ်သမဝါယမအသင်း လီမိတက်၏ ဝါးအသက်မွေးဝမ်းကျောင်းပညာသင်တန်းဖွင့်ပွဲနှင့် ဝါးကုန်ထုတ်ပစ္စည်းပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ ဝန်ပြန်ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နေပြည်တော်သည် ဝါးပေါများသော ဒေသဖြစ်ပြီး ဝါးကိုအကျိုးရှိရှိအသုံးချတတ်ရန် လိုအပ်ကြောင်း၊ သစ်ပင်သစ်တောများ မပြုန်းတီးစေရေးအတွက် ဝါးကို အစားထိုးသုံးစွဲမည်ဆိုပါက ဒေသနှင့်ဂေဟစနစ် မပျက်ယွင်းစေရေးကို များစွာအထောက်အကူပြုကြောင်း၊ တန်ဘိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေသည်အထိ ဆောင်ရွက်နိုင်မှာဖြစ်၍ ဒေသခံပြည်သူများ ဝင်ငွေတိုးပွားပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်သည်အထိ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ကြောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အတန်းပညာ ဆက်လက်သင်ကြားနိုင်ခြင်းမရှိသော အခြေခံပညာအလယ်တန်း အောင်မြင်ပြီးသူများကို သမဝါယမသင်တန်းကျောင်းများတွင် စာရင်းရေး၊ စာရင်းကိုင်နှင့် အသက်မွေးဝမ်းကျောင်းပညာများကို နေရေး၊ စားရေးတာဝန်ယူကာ အခမဲ့သင်ကြားပေးနေကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့တတ်ကျွမ်းထားသည့်ပညာနှင့် မိမိတို့၏ မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်နိုင်ခြင်း၊ မိမိတို့မြို့ရွာ ပြန်ရောက်သည့်အခါ ဒေသခံများကို ဝါးပညာပြန့်ပွားရေး ထပ်ဆင့်သင်ကြားပေးခြင်း၊ ဝါးတောများ မပြုန်းတီးစေရေး စနစ်တကျ ခုတ်ယူသုံးစွဲနိုင်အောင် အသိပညာဖြန့်ဝေ ဆွေးနွေးဟောပြောခြင်းတို့ကို လက်လှမ်းမီသလောက် ဆောင်ရွက်သွားကြစေလိုကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်းလီမိတက်၏ အသင်းဥက္ကဋ္ဌက အသင်းဖွဲ့စည်းပုံအဆင့်ဆင့်၊ ရည်ရွယ်ချက်၊ ဆောင်ရွက်နေဆဲ လုပ်ငန်း အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ သင်တန်းသားတစ်ဦးက ဝါးဖြင့် အသက်မွေးဝမ်းကျောင်း ပညာသင်တန်းမှ သင်ကြားပေးသောပညာများကို သင်တန်း၏ “တတ်အောင်သင်၊ ဖြစ်အောင်လုပ်၊ ဈေးကွက်အတူရှာကြစို့” ဆောင်ပုဒ်အသစ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြသည်။ ယခုသင်တန်းကို ဒေသစုံမှ သင်တန်းသား/သင်တန်းသူ (၃၀) ဖြင့် သင်တန်းကာလ (၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်း လီမိတက်မှ ဝါးဖြင့်ပြုလုပ်ထားသော ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)