Skip to main content

ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲနှင့် စာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် ဇွန် ၃၀

ဇူလိုင် (၃) ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်အောင်မြင် ဘုရားအနီး၊ သုခုမလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် ညွှန်ကြားရေးမှူးချုပ်များက သတ်မှတ်နေရာများတွင် ကံ့ကော်ပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ အမျိုးသမီး ကော်မတီဝင်များ၊ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်မှ အဖွဲ့ဝင်များက သတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်ပေါင်း (၁၂၉) ပင် စိုက်ပျိုးပေးခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ကဦးစီး၍ မြန်မာအမျိုးသမီးများနေ့အကြို စာတမ်းဖတ်ပွဲအခမ်းအနားကို အဆိုပါရုံးအဆောက်အအုံတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌဒေါက်တာသက်သက်ဇင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ စာတမ်းဖတ်ပွဲတွင် ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး “အမျိုးသမီးနှင့်အာဆီယံလုပ်ငန်းစဉ် စာတမ်းကို စာတမ်းရှင် ဦးကျော်မျိုးသန့်၊ ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှလည်းကောင်း၊ “ကျား၊ မ အခြေပြု ညီမျှမှုနှင့် အမျိုးသမီးများအခွင့်အရေး ဥပဒေရှုထောင့်မှ လေ့လာခြင်း စာတမ်းကိုစာတမ်းရှင် ဒေါ်အိအိဖြိုး၊ အတွင်းရေးမှူး၊ ဥပဒေရေးရာလေ့လာရေးနှင့် အကြံပြုရေးလုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က လည်းကောင်း၊ “ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးရာတွင် အမျိုးသမီးများ၏အရေးပါမှု စာတမ်းကို ဒေါ်မာမာသီ၊ ဒုတိယညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကလည်းကောင်း ဖတ်ကြားကြပြီး တက်ရောက်လာသူများမှ ဆွေးနွေးမေးမြန်းမှုများကို ဖြေကြားရှင်းလင်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)