Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၉

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဘောလုံးအားကစားကွင်းနှင့် ပွဲကြည့်စင်ကိုလည်းကောင်း၊ ပြည်ခရိုင် အားကစားခန်းမနှင့် ဘောလုံးအားကစားကွင်းတို့ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်ခရိုင် ဘောလုံးအားကစားကွင်းတွင် ပွဲကြည့်စင်နှင့် Inter Fencing တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ခရိုင်နှင့် ပြည်မြို့နယ်များမှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဝန်ထမ်းများအား မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန်၊ ဝန်ထမ်းကောင်းမှ နိုင်ငံတိုးတက်ကောင်းမွန်မည်ဆိုသည့်အတိုင်း ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာ မိသားစုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်သို့ရောက်ရှိပြီး ရွှေတောင်မြို့နယ် အားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံ၊ ဘောလုံးအားကစားကွင်းနှင့် ပွဲကြည့်စင်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းထားရှိရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ရောက်ရှိပြီး တိုက်ကြီးမြို့နယ် အားကစားကွင်းကို လည်းကောင်း၊ မှော်ဘီမြို့နယ် အားကစားကွင်းကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး အများပြည်သူများ လာရောက်လေ့ကျင့်ကစားရာတွင် အဆင်ပြေစေရေးအတွက် လျှောက်လမ်းများဆောင်ရွက်ပေးရန်၊ အုတ်တံတိုင်းများ ပြန်လည်ပြုပြင်ပေးရန်နှင့် တာဝန်ရှိသူများအနေဖြင့် အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့ပြီး အကျိုးရှိစွာ အသုံးပြုနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

(သတင်းစဉ်)