ရန်ကုန် ဇွန် ၂၉
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ရန်ကုန်မြို့သို့ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဗဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E.Mr.CHHOUK Bunna နှင့် သံရုံးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။
H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ့၏ခရီးစဉ်အတွင်း ၂၀၂၂-ခုနှစ်၊ မေ ၆ ရက်က ကျင်းပခဲ့သော အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစည်းအဝေးရလဒ်များနှင့် အာဆီယံဘုံသဘောတူညီမှုငါးရပ် အကောင်အထည်ဖော်ဆောင်ရန်၊ ခရီးစဉ်အတွင်း တွေ့ဆုံမှုများမှတစ်ဆင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲအတွက် အထောက်အကူဖြစ်စေရန်၊ မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခများတွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် အမျိုးသားရေးပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တစ်ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)