Skip to main content

မြေမြှုပ်မိုင်း တားဆီးပိတ်ပင်ရေးစာချုပ် Anti-Personal Mine Ban Convention ၏ ၂၀၂၂ ခုနှစ် Intersessional Meeting သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် ဇွန် ၂၈

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဇွန် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသည့် မြေမြှုပ်မိုင်း တားဆီးပိတ်ပင် ရေးစာချုပ်(APMBC)၏ ၂၀၂၂ ခုနှစ် Intersessional Meeting သို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ APMBC တွင် ပါဝင်သည့် မိုင်းထိခိုက်ဒဏ်ရာရသူများကို ထောက်ပံ့ခြင်း၊ Oslo Action Plan အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ Making Every Effort Count: Towards a Successful 2025၊ Fostering Cooperation for Rehabilitation တို့ကို ဆွေးနွေးခြင်းနှင့် မိုင်းရှင်းလင်းရေးအပါအဝင် APMBC အား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အရေးကြီးသည့် အကြောင်းအရာများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းစဉ် (၅)ရပ်အနက် မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းနှင့် မိုင်းထိခိုက်ဒဏ်ရာရသူများ ကူညီထောက်ပံ့ခြင်းစသည့် လုပ်ငန်းစဉ်(၃)ရပ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ကို နေပြည်တော်အပါအဝင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်တို့တွင် ဖွဲ့စည်း၍ ပုံမှန်ညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်မှစတင်၍ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ ၆၉၄ ဦးအတွက် စုစုပေါင်းငွေကျပ် ၁၃၈၈ သိန်း ထောက်ပံ့ပြီးဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) တို့ ပူးပေါင်း၍ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ကူညီထောက်ပံ့ရေးကွန်ရက် တည်ထောင်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRPD) အရ မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခြင်းဖြင့် Anti-Personal Mine Ban Convention ကို အကောင်အထည်ဖော်ရာတွင် လက်ရှိဖြစ်ပေါ်တိုးတက်မှုနှင့် ရှုထောင့်အမြင်တို့ကို သိရှိနိုင်ခြင်း၊ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ ဆောင်ရွက်လျက်ရှိသည့် မိုင်းထိပြည်သူများကို ကူညီထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်တို့ကို လေ့လာသိရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်