Skip to main content

မြန်မာနိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များဘဏ္ဍာတိုက် (MSTIP Portal) နှင့် MSTIP Mobile App တို့နှင့် ပတ်သက်သည့် ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၂၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ မြန်မာနိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များဘဏ္ဍာတိုက် (MSTIP Portal)နှင့် MSTIP Mobile App တို့နှင့် ပတ်သက်သည့်ဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ တက်ရောက်ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ ရုံးခွဲတာဝန်ခံများက အွန်လိုင်းမှ တက်ရောက် ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လွှင့်တင်ထားရှိသော ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များဘဏ္ဍာတိုက် (MSTIP Portal)နှင့် MSTIP Mobile App တို့နှင့် ပတ်သက်၍ လေ့လာဆွေးနွေးခဲ့သူနှစ်ဦးတို့၏ အတွေ့အကြုံများကို အရာထမ်းများ ဗဟုသုတရစေရန်နှင့် လိုအပ်သည့်သတင်းအချက်အလက်များ ပြည့်စုံစွာဖြည့်ဆည်းနိုင်ကြရန် စီစဉ်ခြင်းဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်း၌ ဝန်ဆောင်မှုလုပ်ငန်းများလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အာဆီယံဝန်ဆောင်မှုဆိုင်ရာ မူဘောင်သဘောတူ စာချုပ်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်လျက်ရှိပါကြောင်း၊ အာဆီယံ၏ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ဖြေလျှော့ပေးမှုအစီအစဉ်များတွင် မိမိတို့၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေအနေများကို လေ့လာသုံးသပ်နေရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် MSTIP Portal နှင့် Mobile Application တို့တွင်လည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် သတင်းအချက်အလက်များ ပြည့်ပြည့်စုံစုံထည့်သွင်းပေးခြင်းဖြင့် အသုံးပြုသူများအတွက် ပိုမိုအကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်က Webportal ၌ ဖော်ပြထားသည့် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှု လုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ခရီးသွားမြှင့်တင်ရေးဌာနခွဲ Digital Marketing မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးနိုင်က MSTIP Portal နှင့် Mobile Appli-cation နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့်ဆက်စပ်သည့် ဝန်ဆောင်မှုကဏ္ဍများနှင့် ၎င်းကဏ္ဍများတွင် မိမိတို့ဝန်ကြီးဌာနမှ ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို အကြံပြုမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုပြုရာတွင် ကိန်းဂဏန်းအချက်အလက် များကို စစ်တမ်းကောက်ယူ၍ သုတေသနပြုလုပ် ခြင်းသည် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံသို့ လာရောက်သော ခရီးသွားဧည့်သည်များ၏ ကြိုက်နှစ်သက်မှုများကို မေးမြန်းစုံစမ်းပြီး ခရီးစဉ်အတွင်း လိုအပ်ချက်များရှိပါက ဂရုတစိုက်မှတ်သားထားရှိပြီး အဆင်ပြေအောင် ဖြေရှင်းဆောင်ရွက်ပေးသည့် အလေ့အထကို မွေးမြူခြင်းဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ပြီး သုတေသန လုပ်ငန်းများတွင်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အတွက် ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီပူးပေါင်း ကြိုးပမ်းကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်