နေပြည်တော် ဇွန် ၂၈
ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များ သည် ဇွန် ၂၅ ရက် ည ၉ နာရီ မိနစ် ၅၀ ခန့်တွင် မသင်္ကာဖွယ် စက်လှေတစ်စင်းတွေ့ရှိသဖြင့် စစ်ဆေးရန်အတွက် မီးအချက်ပြ ခေါ်ယူခဲ့သော်လည်း စက်လှေမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မြေပုံမြို့နယ် ကျွန်းသာယာ အနောက်တောင်ဘက် ၉ မိုင်ခန့် အကွာသို့အရောက်၌ လှေသားများမရှိတော့သော အဆိုပါစက်လှေကို တွေ့ရှိခဲ့သည်။
အဆိုပါ စက်လှေကို သွားရောက်စစ်ဆေးခဲ့ရာ အလျား ၆၇ ပေ၊ အနံ ၁၉ ပေ၊ ရေစူး ၁၀ ပေခန့်ရှိ ငါးဖမ်းစက်လှေဖြစ်ကြောင်းသိရှိရပြီး စက်လှေပေါ်မှ ငါးဖမ်းပိုက်များဖြင့် ဖုံးအုပ်ထားသည့် ICE မူးယစ်ဆေး ဆာလာအိတ်တစ်အိတ်လျှင် ၂၀ ကီလိုဂရမ်ပါ အိတ် ၅၀ (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၂၅၀၀၀၀ ကျော်) ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသည့် စက်လှေနှင့် မူးယစ်ဆေးဝါးများကို ကျောက်ဖြူမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်